Home
မြန်မာသတင်း
တောင်ကြီး-သာစည်လမ်းတွင် စိတ်ကြွဆေးပြား ၁ သောင်းကျော်နှင့် ICE မူးယစ်ဆေးများ ဖမ်းမိ
DVB
·
December 25, 2017
သာစည်မြို့နယ် ကျွဲတပ်ဆုံရွာ မီရထားသံလမ်းကူးအနီး ဒီဇင်ဘာလ ၂၄ ရက်ည ၁၂ နာရီမှာ တောင်ကြီးဘက်က ဆင်းလာတဲ့ အငှားကားငယ်ကို ရှာဖွေစစ်ဆေးရာ စိတ်ကြွဆေးပြား ၈ ထောင်ကျော်နဲ့ ICE မူးယစ်ဆေးတွေ ဖမ်းမိတယ်လို့ သာစည်မြို့မရဲစခန်းတာဝန်ကျ ရဲအရာရှိက ပြောပါတယ်။ ဖြစ်စဉ်မှာ အမှတ်(၁၈) မူးယစ်တပ်ဖွဲ့စုနဲ့ သာစည်မြို့နယ် ရဲတပ်ဖွဲ့ဝင်တွေက တောင်ကြီးဘက်က ဆင်းလာတဲ့ ဒဂုံဆပ်ကမ်းမြို့နယ် မင်းလှစည်သူလမ်းနေ ရဲမင်းဌေး (ခ) အာကာ မောင်းလာတဲ့ကားကို ရှာဖွေရာမှ ထိုင်ခုံအောက်က စိတ်ကြွဆေးပြား ၁၈၀၀ နဲ့ ICE မူးယစ် ၁၅၀ ဂရမ်ကို ရှာတွေ့တယ်၊ ဘေးခုံမှာစီးလာတဲ့ တောင်ဥက္ကလာမြို့နယ် ၂၁လမ်းနေ ဖုန်းမြတ်သူ(ခ)အငယ်(ခ)အရှည်ကြီး ထိုင်ခုံအောက်မှ လွယ်အိတ်အတွင်းက စိတ်ကြွဆေးပြား ၈၆၈၀ တွေ့တယ်လို့ တာဝန်ကျရဲအရာရှိက ပြောပါတယ်။ သာစည်မြို့မရဲစခန်း အမှုစစ်ရဲအရာရှိက "စိတ်ကြွဆေးပြားပေါင်း ၁ သောင်းကျော်ကို ကာလတန်ဖိုး ကျပ်သိန်း ၃၁၄ ခန့်မှန်းတယ်။ ICE ၁၅၀ ဂရမ်ကို ကျပ်သိန်း ၃၀ ဈေးသင့်တယ်၊ ပေါင်းကျပ်သိန်း ၃၄၄ ဖိုး ဖမ်းမိတယ်”လို့ ပြောပါတယ်။ သာစည်မြို့မရဲစခန်းက ရဲမင်းဌေးနဲ့ ဖုန်းမြတ်သူတို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတဲ့ ဥပဒေအရ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ် သို့မဟုတ် သေဒဏ်ထိထိုက်တဲ့ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှု၊ ရောင်းချမှု၊ သယ်ဆောင်ဖြန့်ဖြူးမှု ပုဒ်မ- ၁၅/၁၉(က)/၂၁ တို့ နဲ့  ဖမ်းဆီး အမှုဖွင့်ထားပါတယ်။ သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024