လွှတ်တော်အသီးသီး ဇန်နဝါရီလလယ် ပြန်စမည်
DVB
·
December 25, 2017
ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့ကို လာမယ့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ လ ၁၅ ရက် တနင်္လာနေ့မှာ ကျင်းပမယ်လို့ လွှတ်တော်အသီးသီးက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ဒီဇင်ဘာ ၂၄ ရက် ရက်စွဲနဲ့ လွှတ်တော်အသီးသီးရဲ့ ကြေညာချက်ထဲမှာ ဒုတိယအကြိမ် လွှတ်တော် သတ္တမပုံမှန် အစည်းအဝေးကို ဇန်နဝါရီ ၁၅ ရက်မှာ စတင်ကျင်းပပြုလုပ်မယ်လို့ ဖော်ပြထားပါတယ်။
ဒီတကြိမ် ကျင်းပပြုလုပ်မယ့် လွှတ်တော်တွေမှာ ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို အစိုးရဘဏ္ဍာရေးနှစ် ပြင်ဆင်သတ်မှတ်မှုနဲ့အညီ ဖြစ်အောင် ဆွေးနွေးဆုံးဖြတ်ကြရမှာ ဖြစ်ပါတယ်။
လက်ရှိ ဘဏ္ဍာရေးနှစ်ဟာ ဧပြီလ ကုန်ဆုံးမှာဖြစ်ပြီး ဘဏ္ဍာရေးနှစ်အသစ်က အောက်တိုဘာလမှာ စတင်မှာဖြစ်လို့ ဒါနဲ့ပတ်သက်လို့ ဆက်စပ်ဆွေးနွေး ဆုံးဖြတ်ပေးကြရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးဖို့ ကျန်ရှိတဲ့ ဥပဒေကြမ်း ၁၆ ခုနဲ့ အမျိုးသားလွှတ်တော်မှာ ကျန်ရှိတဲ့ ဥပဒေကြမ်း ၁၄ ခုတို့ကိုလည်း ဆက်လက် ဆွေးနွေး ဆုံးဖြတ်ကြဖို့ ရှိပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်မှာ ရပ်နားခဲ့တဲ့ ဆဋ္ဌမအကြိမ် လွှတ်တော်မှာ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေလို စီးပွားရေးအတွက် အရေးပါတဲ့ ဥပဒေပြဋ္ဌာန်းနိုင်ခဲ့သလို အစိုးရ ဘဏ္ဍာရေးနှစ် ပြင်ဆင်သတ်မှတ်တာမျိုးလည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။