Home
မြန်မာသတင်း
သံလွင်မြစ်ပေါ်ရှိ ရေကာတာစီမံကိန်းများ ရပ်ဆိုင်းပေးရန် ရှမ်းတောင်သူများ တောင်းဆို
နန်းမြနဒီ
·
December 25, 2017
ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင်းရှိ နောင်ဖာရေကာတာနဲ့တကွ သံလွင်မြစ်ပေါ်ရှိ အခြားရေကာတာ တည်ဆောက်ရေးစီမံကိန်းတွေ ရပ်ဆိုင်းပေးဖို့ ရှမ်းတောင်သူလယ်သမားတွေ တောင်းဆိုခဲ့ကြပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်း၊ တောင်ပိုင်းနဲ့ အရှေ့ပိုင်းက တောင်သူလယ်သမား ကိုယ်စားလှယ်ပေါင်း ၃၀၀ ကျော်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ နဲ့  ၂၂ က တန့်ယန်းမြို့နယ် ဟွေ့ကိန်ရွာမှာ လာရောက်ဆုံစည်းပြီး စတုတ္ထအကြိမ်မြောက် ရှမ်းတောင်သူလယ်သမား ဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။ အဲဒီနောက်  ဒီဇင်ဘာ ၂၃ ရက်နေ့မှာတော့  ဆွေးနွေးပွဲရလဒ်ပေါ် မူတည်ပြီး ကြေညာချက်တစောင် ထုတ်ပြန်ကာ သံလွင်မြစ်ပေါ်ရှိ ရေကာတာ စီမံကိန်းတွေ ရပ်ဆိုင်းပေးဖို့  ဒေသခံ ၁၀၀၀ ကျော်နဲ့အတူ တောင်းဆိုလိုက်တာလို့ တွေ့ဆုံပွဲဖြစ်မြောက်ရေး တာဝန်ခံ စိုင်းပက ဒီဗွီဘီကို ပြောပါတယ်။ “ရှမ်းတောင်သူလယ်သမားတွေ့ဆုံပွဲကို ကျနော်တို့ နှစ်တိုင်း လုပ်လာတာ ဒီတခါတော့ လေးကြိမ်မြောက်ပေါ့နော်။ အရင်က တောင်ကြီး၊ မိုးနှဲနဲ့ သီပေါမှာ လုပ်ခဲ့တယ်။ ဒီနှစ် တန့်ယန်းမှာ လုပ်တယ်။ အဓိကရည်ရွယ်ချက်ကတော့ တောင်သူတွေ အဓိက မှိခိုအားထား လုပ်ကိုင်နေရတဲ့ သဘာဝပတ်ဝန်းကျင် မပျက်စီးအောင် ဝိုင်းဝန်းထိန်းသိမ်းဖို့ပေါ့။ ပြီးခဲ့တဲ့နှစ်ရက်တာ တွေ့ဆုံပွဲမှာ နိုင်ငံတော်အစိုးရနဲ့ ကုမ္ပဏီက ဒေသထဲ လာလုပ်တဲ့ သတ္တုတူးဖော်ရေး၊ ရွှေတူးဖော်ရေး၊ ရေကာတာစီမံကိန်း စတာတွေကြောင့် ကျနော်တို့ ဒေသခံလယ်သမားတွေ နေထိုင်မှုဘဝ ထိခိုက်နစ်နာစေနိုင်တဲ့ အကြောင်းအရာတွေ ဆွေးနွေးကြတယ်၊ အဲဒီစီမံကိန်းရဲ့ အကျိုးအမြတ်ဟာ အစိုးရနဲ့ ကုမ္ပဏီတွေအတွက်ပဲဖြစ်ပြီး ရွာသားတွေကတော့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ရလဒ်ကို ခံရတာပဲ ဖြစ်တယ်။ တချို့နေရာ ရေကြီးမယ်၊ ရွာတွေ ရွှေ့ပြောင်းပေးရမယ်၊ ဘာမှ အကျိုးအမြတ်မရှိဘူး။ ရေကာတာစီမံကိန်း လုပ်မယ့် သံလွင်မြစ်နားမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ရှိတယ်။ စီမံကိန်းလုပ်ရင်  အစိုးရတပ်က လုံခြုံရေးယူဖို့ ရောက်လာမှာမို့  နှစ်ဖက် ထိတွေ့ပြီး  တိုက်ပွဲတွေ ဖြစ်လာမယ်။ တိုက်ပွဲဖြစ်တိုင်း ခံရတာက ရွာသားတွေလေ။ ဒါကြောင့် ကန့်ကွက်ကြတာ ဖြစ်ပါတယ်။” ၂၃ ရက်နေ့ ကန့်ကွက်ပွဲမှာတော့ တန့်ယန်းမြို့နယ် နောင်ဖာကျေးရွာအုပ်စု သံလွင်မြစ်ပေါ်မှာ အစိုးရနဲ့ တရုတ်နိုင်ငံ ဟိုက်ဒရိုချိုင်းနား ရေကာတာဆောက်လုပ်ရေး ကုမ္ပဏီက သဘောတူထားတဲ့ ရေကာတာတည်ဆောက်ရေးစီမံကိန်းကို အဓိကထား ကန့်ကွက်တယ်လို့ သူက ဆက်ပြောပါတယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးစေတဲ့ စီမံကိန်းတွေ ရပ်တန့်ပေးဖို့ တောင်းဆိုချက်ကို သက်ဆိုင်ရာ အစိုးရနဲ့ ကုမ္ပဏီတွေဆီ ဆက်လက်ပေးပို့ တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။ သံလွင်မြစ်ပေါ်မှာ အစိုးရနဲ့ အကျိုးတူကုမ္ပဏီတွေ တည်ဆောင်ဖို့ သဘာတူထားတဲ့ ရေကာတာ စုစုပေါင်း ၅ ခုရှိပြီး တစ်ခုက ကရင်ပြည်နယ်၊ တခုက ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်အပိုင်းမှာတော့ ၃ ခုရှိတယ်လို့ ရှမ်းတောင်သူလယ်သမားအဖွဲ့က ပြောသွားပါတယ်။ Photo : Shan Farmers
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024