အာဖဂန်နစ္စတန် မြို့တော်ကဘူးလ်တွင် ဗုံးပေါက်ကွဲ၊ ၃ ဦး သေ
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်မှာ ဒီဇင်ဘာလ ၂၅ ရက်နေ့က ဗုံးပေါက်ကွဲခဲ့တဲ့အတွက် အနည်းဆုံး လူ ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
အသေခံ ဗုံးခွဲသမားတဦးက အမျိုးသား ထောက်လှမ်းရေးအေဂျင်စီ ၀င်ပေါက်မှာ ဗုံးဖောက်ခွဲခဲ့တာဖြစ်ပြီး အခုဗုံးဖောက်ခွဲမှုဟာ အဆိုပါအေဂျင်စီရဲ့ သင်တန်းကျောင်းကို အိုင်အက်စ် စစ်သွေးကြွတွေ တိုက်ခိုက်မှု ပြုလုပ်ပြီး တပတ်အကြာမှာ ဖြစ်ပွားခဲ့ပါတယ်။
မျက်မြင်တဦးက “ဗုံးပေါက်တော့ ကျနော် မနက်စာစားနေတယ်။ လူတွေအများကြီး စုလာကြတယ်။ အသေအပျောက်တွေရှိပါတယ်” လို့ ပြောခဲ့ပါတယ်။
အခုဗုံးခွဲမှုဟာ ဘယ်အဖွဲ့အစည်း လက်ချက်ဖြစ်တယ်ဆိုတာ ချက်ချင်း မသိရသေးဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။