မိတ္ထီလာမြို့တွင် ဂိုဏ်းဖွဲ့ ဆိုင်ကယ်ခိုးသူများအား ဖော်ထုတ်ဖမ်းဆီး
DVB
·
December 25, 2017
မိတ္ထီလာမြို့မှာ ၁၀ ရက်အတွင်း ခိုးမှုကျူးလွန်သူ ခေါင်းဆောင်အပါ ၁၅ ဦးကို ခိုးယူထားတဲ့ ဆိုင်ကယ်တွေနဲ့အတူ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ မှုခင်းရဲတပ်ဖွဲ့ ရဲအရာရှိက ပြောပါတယ်။
မိတ္ထီလာမြို့ ချမ်းအေးသာယာရပ်နေ စိုးထက်(ခ)စိုးထက်အောင် ခေါင်းဆောင်ပြီး အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၂ ဦး ပေါင်း ၁၅ ဦးနဲ့ ဆိုင်ကယ်ခိုးယူတဲ့ ဂိုဏ်းအဖွဲ့ကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
မှုခင်းရဲတပ်ဖွဲ့ ဒုရဲမှူး မျိုးညွန့်လွင်က “အခုထိတော့ ခိုးယူထားတဲ့ ဆိုင်ကယ် ၂၇ စီး ပေါ်ပေါက်တယ်။ ဆိုင်ကယ် ၁၇ စီးကို ပိုင်ရှင်တွေက သူတို့ဆိုင်ကယ်ဖြစ်ကြောင်း အတည်ပြုထားပြီပေါ့။ ဆိုင်ကယ် ၁၀ စီးကတော့ ပိုင်ရှင်မပေါ်သေးဘူး။ ကိုယ့်ဆိုင်ကယ် ဘောင်အမှတ်နဲ့ ခိုးမှုပေါ်တဲ့အထဲ ပါ၊ မပါ လာပြီး စုံစမ်းစေချင်တယ်။ နယ်စုံက ခိုးယူလာတဲ့ ဆိုင်ကယ်တွေ ဖြစ်နေတော့ ပိုင်ရှင်တွေ ပြန်ရစေချင်တယ်”လို့ ပြောပါတယ်။
သက်ဆိုင်ရာနယ်မြေရဲစခန်များမှာ စိုးထက်(ခ)စိုးထက်အောင် ခေါင်းဆောင် အပါအဝင် ၁၅ ဦးကို ခိုးမှုရာဇသတ်ကြီးပုဒ်မ ၃၈၀၊ ခိုးယူသူကို အားပေးကူညီမှု ရာဇသတ်ကြီးပုဒ်မ ၃၇၉/၁၁၄ တို့နဲ့ အမှု ၉ မှု ဖွင့်ထားတယ်လို့ သိရပါတယ်။
သတင်း - မောင်မောင်လင်း (၀မ်းတွင်း)