ပူတာအို-ကော့သောင်း မိုင် ၁၀၀၀ ကျော် စက်ဘီးသမား ၂ ဦး ခရီးစဉ် အဆုံးသတ်






2K
မြန်မာပြည်မြောက်ဖျား ပူတာအိုမြို့မှ တောင်ဘက်စွန်း ကော့သောင်းမြို့အထိ မိုင် ၁၀၀၀ ကျော် စီးနှင်းလာတဲ့ စက်ဘီးစီးအားကစားသမား ၂ ဦးဟာ ကော့သောင်းမြို့ ဘုရင့်နောင်အငူကို ဒီဇင်ဘာလ ၂၄ ရက် နေ့လယ်ပိုင်းက ရောက်ရှိလာခဲ့ပါတယ်။
စက်ဘီးစီး အားကစားသမားနှစ်ဦးဖြစ်တဲ့ ရန်ကုန်အခြေစိုက်လွတ်လပ်တဲ့ စက်ဘီးစီးအဖွဲ့ Yangon Freedom Cylists အဖွဲ့ဝင် ကိုမျိုးမြင့်ဗိုလ်နဲ့ ကိုစိုင်းထွဋ်ဇော်မင်းတို့ ၂ ဦးဟာ ကချင်ပြည်နယ် ပူတာအိုမြို့မှ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့အထိ ၂၇၉၂ ကီလိုမီတာ မိုင်ပေါင်း ၁၇၃၅ မိုင်အကွာအဝေးကို ပူတာအိုမြို့မှ နိုဝင်ဘာ ၂၇ ရက်က စတင်ထွက်ခွာလာပြီး ကော့သောင်း ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ခရီးစဉ်အဆုံးသတ်အဖြစ် ရောက်ရှိလာတာဖြစ်ပါတယ်။
“ခရီးစဉ်ကို ကျေန်ာတို့က ရက် ၃၀ ကြာမယ်လို့ ခန့်မှန်းခဲ့တာပါ။ ထင်တဲ့အတိုင်းပဲ ရက် ၃၀ အတိ ကြာခဲ့ပါတယ်။ ခရီးစဉ်တလျှောက်မှာ ရောက်ရှိတဲ့မြို့က စက်ဘီးအားကစားသမားတွေက ကူညီပေးသလို ဌာနဆိုင်ရာတွေကလည်း ကူညီပေးကြပါတယ်။ ရောက်တဲ့မြို့တိုင်းက စက်ဘီးစီးအဖွဲ့တွေကလည်း ပျော်ပျော်ရွှင်ရွှင် စီးနင်းပေးကြပါတယ်”လို့ ကိုစိုင်းထွဋ်ဇော်မင်းက ပြောပါတယ်။
စက်ဘီးစီးအားကစားသမား ၂ ဦးကို ကော့သောင်းမြို့မှ ကမ်းနီးအဖြူရောင်ပရဟိတ အပျော်ထမ်းစက်ဘီးစီးအဖွဲ့က ကြိုဆိုကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ကာ ညအိပ်ရပ်နားဖို့ စီစဉ်ပေးခဲ့ပါတယ်။
ဒီခရီးစဉ်ကို စီစဉ်ရတဲ့အကြောင်းရင်းက သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးဖို့ တိုင်းရင်းသား ပြည်သူတွေရဲ့ ဘ၀နေထိုင်မှုတွေကို ပိုမိုသိရှိစေဖို့၊ စက်ဘီးအားကစားနည်း ဖွံ့ဖြိုးလာဖို့၊ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုလျော့ချဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီခရီးစဉ်ကို စီစဉ်ဖြစ်တာပါ”လို့ ကိုမျိုးမြင့်ဗိုလ်က ပြောပါတယ်။
စက်ဘီးစီးအားကစားသမား ၂ ဦးဟာ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ကော့သောင်းမြို့မှ ရန်ကုန်မြို့ကိုလေယာဉ်နဲ့ ပြန်လည်ထွက်ခွာမှာဖြစ်တယ်လို့ သိရပါတယ်။
သတင်း - လတ်ကိုကိုဦး