ဖရီးဂိတ်စစ်ရေယာဉ်ကို တပ်မတော်တခုပဲ ကိုယ်ပိုင်ထုတ်လုပ်နိုင်ဟု ဆို
DVB
·
December 25, 2017
အရှေ့တောင်အာရှတပ်မတော်တွေထဲ မြန်မာ့တပ်မတော်တခုပဲ ဖရီးဂိတ်စစ်ရေယာဉ်ကို ကိုယ်ပိုင်ထုတ်လုပ်နိုင်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဒီဇင်ဘာ ၂၄ ရက်က ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတားမှာ ကျင်းပပြုလုပ်တဲ့ နှစ် (၇၀) ပြည့် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
ဖရီးဂိတ်စစ်ရေယာဉ်ကို ဒီလို ကိုယ်ပိုင်ထုတ်လုပ်နိုင်တဲ့အတွက် ဂုဏ်ယူစရာကောင်းပြီး ဒီ အစဉ်အလာကို ထိန်းသိမ်းပြီး ပိုမိုအစွမ်းထက်တဲ့ စစ်ရေယာဉ်များ တည်ဆောက်သွားဖို့ လည်း သူက တိုက်တွန်းခဲ့ပါတယ်။
စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားမှာ ကာကွယ်ရေးဦးစီးချုပ်ကို ဖရီးဂိတ် စစ်ရေယာဉ်-အောင်ဇေယျ ဦးဆောင်တဲ့ ဖရီးဂိတ် စစ်ရေယာဉ်-ကျန်စစ်သား၊ ဖရီးဂိတ် စစ်ရေယာဉ်-ဆင်ဖြူရှင်၊ ကော်ဗက်စစ်ရေယာဉ်-တပင်ရွှေထီးနဲ့ အမြန်သွား တိုက်ခိုက်ရေး ရေယာဉ်များက Single Line Formation ပုံစံနဲ့ ပုံပြုမောင်းနှင်ပြီး ချီတက်အလေးပြုကြတယ် လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးသတင်းမှာ ဖော်ပြပါတယ်။
ဖရီးဂိတ်စစ်ရေယာဉ်တွေကို တပ်မတော်ပိုင်သင်္ဘောကျင်းများမှာ တည်ဆောက်ခဲ့ပြီ့း တပ်မတော်(ရေ)ဟာ အရှေ့တောင်အာရှမှာ ထိပ်ဆုံးသို့ရောက်ရှိနေပြီလို့လည်း ကာကွယ်ရေး သတင်းက ဆိုပါတယ်။