အမြန်လမ်းမကြီးပေါ်၌ ယာဉ်နှစ်စီးတိုက်၊ လူ ၄ ဦးဒဏ်ရာရ
DVB
·
December 24, 2017
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် အမှတ် ၉၂ မိုင်အနီးမှာ ယာဉ် ၂ စီး တိုက်မှုဖြစ်ပွားပြီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ မြို့ချောင်းနယ်မြေ ရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
“KULGER ယာဉ်ကရှေ့ကနေ မောင်းနေတာ အဲဒါကို ငါးတင်လာတဲ့ CANTER ယာဉ်က အရှိန်မထိန်းနိုင်ဘဲ နောက်က ဝင်တိုက်တာပါ။ တိုက်လိုက်တဲ့ အချိန်နဲ့ KULGER ယာဉ်က လမ်းဘေးကို ထိုးကြပြီး မှောက်ခဲ့တာပါ။ ငါးကားယာဉ်မောင်းကတော့ ထွက်ပြေးသွားတယ်။ ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်။”
ယာဉ်တိုက်မှုကြောင့် TITAN CANTER ယာဉ်ပေါ်မှာ လိုက်ပါလာသူတွေထဲက ၂ ဦးနဲ့ KULGER ယာဉ်ပေါ် လိုက်ပါလာသူတွေထဲက ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး မြို့ချောင်းဆေးရုံကို ပို့ဆောင်ကုသခဲ့ ရပါတယ်။
မြို့ချောင်းနယ်မြေရဲတပ်ဖွဲစခန်းက ငါးတင်ယာဉ်မောင်း မင်းမင်း (ထွက်ပြေး) အား ရာဇသတ်ကြီး ပုဒ်မ၃၃၇/၂၀၂ (ယာဉ်အားမဆင်မခြင်မောင်းနှင်၍သာမန်နာကျင်စေမှု) နဲ့ အမှုဖွင်လှစ်ပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - ကျော်အောင်(ကညွတ်ကွင်း)၊ ဓာတ်ပုံ - အမြန်လမ်းရဲတပ်ဖွဲ့