ပီရူးသမ္မတဟောင်း ကျန်းမာရေး စိုးရိမ်ရသဖြင့် အကျဉ်းထောင်မှ ဆေးရုံသို့ ပြောင်းရွှေ့

1.4K
ပီရူးသမ္မတဟောင်း ဖူဂျီမိုရိဟာ ကျန်းမာရေး အခြေအနေ စိုးရိမ်ရတဲ့အတွက် အကျဉ်းထောင်ကနေ ဆေးရုံကို ပြောင်းရွှေ့ခဲ့ရတယ်လို့ သူ့ဆရာဝန်က ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
အသက် ၇၉ နှစ်အရွယ် ပီရူးသမ္မတဟောင်း ဖူဂျီမိုရိဟာ အဂတိလိုက်စားမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်တဲ့ ပြစ်မှုတွေကြောင့် ထောင်ဒဏ် ၂၅ နှစ် ကျခံနေရတာဖြစ်ပါတယ်။
သမ္မတဟောင်း ဖူဂျီမိုရီကို အကျင့်ပျက် အာဏာရှင်တဦးအဖြစ် လူအချို့က သတ်မှတ်ကြပေမယ့် အချို့က သမ္မတ တာဝန်ထမ်းဆောင်တဲ့ ကာလအတွင်း စီးပွားရေး အကျပ်အတည်းနဲ့ လက်ဝဲ၀ါဒီ သောင်းကျန်းမှုကို အဆုံးသတ်ခဲ့တယ်ဆိုပြီး ချီးကျူးခဲ့ကြပါတယ်။
သူ့ရဲ့ ဆရာဝန်ဖြစ်သူက ဖူဂျီမိုရီဟာ သွေးဖိအား အလွန်အမင်း ကျဆင်းမှုနဲ့ နှလုံးခုန်နှုန်း မူမမှန်မှုကြောင့် အသက်အန္တရယ် စိုးရိမ်ရတယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
သမ္မတဟောင်း ဖူဂျီမိုရီရဲ့ အရေးပေါ် ကျန်းမာရေးအခြေအနေဟာ လက်ရှိ သမ္မတ ကူချန်စကီကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ဖိအားပေးဖွယ်ရှိပြီး အဲဒီ ဆုံးဖြတ်ချက်ဟာလည်း ဆန့်ကျင်ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။