နမ္မတူတွင် မြန်မာ့တပ်မတော်နှင့် ပလောင်တပ်တိုက်ပွဲဖြစ်၊ ရွာသား ၃၀၀ ကျော်ထွက်ပြေး (ရုပ်သံ)

2.3K
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့က မြန်မာ့တပ်မတော် နဲ့ တီအန်အယ်လ်အေ ပလောင်တပ်ဖွဲ့ကြား ပစ်ခတ်မှုဖြစ်ပွားပြီး ရွာသား သုံးရာကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
နမတူမြို့အရှေ့ဘက် ၁၅ မိုင်အကွာ မိုင်းရင်ကျေးရွာအုပ်စု ဟော်နားရွာအနီးမှာ ဒီဇင်ဘာ ၂၂ ရက် မနက် ၉ နာရီကျော်က မြန်မာ့တပ်မတော်နဲ့ ပလောင်တပ်တွေ ပစ်ခတ်ကြပြီး လက်နက်ကြီးတွေဟာ ရွာအနောက်ဘက်နဲ့ ရွာဦးဘုန်းကြီးကျောင်းအနီး ကျလာတာကြောင့် အဲဒီနေ့ မွန်းလွဲ ပိုင်းကစ ရွာသားတွေ စတင်တိမ်းရှောင်လာကြတယ်လို့ မိုင်းရင်အုပ်စု ကျေးရွာ ကော်မတီဝင် စိုင်းကြာလိန်က ဒီဗွီဘီကို ပြောပါတယ်။
“တဘက်နဲ့တဘက်ပစ်တာ အတော်ကြမ်းတယ်၊ ထိခိုက်သေဆုံးတာတော့ ရှိမရှိမသိဘူး။ ဒါပေမယ့် သူတို့ဖြစ်တဲ့နေရာက ရွာနားမှာ။ လက်နက်ကျည်တချို့ကလည်း ရွာအနောက်ဘက် ဘုန်းကြီးကျောင်းနားကျလာတော့ အကုန်ထွက်ပြေးကြတာပေါ့။ မနက် ၁၁ နာရီလောက်ကစ ညနေထိ တသုတ်စီပြေးကြာတာ။ နမ်တူမြစ်ကို ဖောင်နဲ့ ကူးပြီး သူတို့ရွာနဲ့ ၃ မိုင်လောက်ဝေးတဲ့ နားဟိုင်းရွာဘက်ကိုပြေးတာ၊ နားဟိုင်းဘုန်းကြီးကျောင်းမှာ လာတည်းကြတယ်။ တချို့က သူတို့ ဆွေမျိုး အိမ်မှာ၊ တချို့ကျတော့ ကျနော်တို့မိုင်းရင်ဘက်ကို ပြေးလာတယ်။ နားဟိုင်းဘုန်းကြီး ကျောင်းမှာ အများစုပါ။ ၃၀၀ ကျော်တယ်၊ မနေ့က ကျနော်တို့ ဆန်နဲ့ စားစရာတွေ သွားလှူပေး တယ်။”
ဒီဇင်ဘာ ၂၃ မှာတော့ သေနတ်သံတွေ ငြိမ်နေပေမယ့် တပ်မတော်ဘက် ဆုတ်ခွာ သွားခြင်း မရှိသလို တီအန်အယလ်အေဘက်ကလည်း အင်အားထပ်ဖြည့်လာတာမို့ အချိန်မရွှေး တိုက်ပွဲပြန်ဖြစ်နိုင်တယ်လို့ သူကဆက်ပြောပါတယ်။
ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး တီအန်အယ်လ်အေ သတင်းထုတ်ပြန်ချက်မှာတော့ မြန်မာ့တပ်မတော်က လိုက်လံထိုးစစ်ဆင်တာကြောင့် တိုက်ပွဲဖြစ်ပွားနေတာလို့ ဖြော်ပထားပါတယ်။ မြန်မာတပ်မတော်ဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ရုပ်သံ - Nang Kham Aye