မြန်မာနိုင်ငံဖွံ့ဖြိုးရေး ကျန်းမာရေးနှင့်ပညာရေး အဓိကကျဟု ဒေါ်အောင်ဆန်းစုကြည်ပြော

1.5K
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျန်းမာရေးနဲ့ ပညာရေးဟာ အဓိကကျကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
မြန်မာ-တရုတ် ချစ်ကြည်ရေးဆေးရုံအဖြစ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးနဲ့ China Foundation For Peace and Development တို့က လှူဒါန်းတဲ့ ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံ လွှဲပြောင်း ပေးအပ်ပွဲနဲ့ ဆေးရုံဖွင့်လှစ်တဲ့ အခမ်းနားမှာ အခုလို ပြောကြားခဲ့တာပါ။
“ကျမတို့နိုင်ငံမှာ အခြေခံအားဖြင့် ဖွံ့ဖြိုးရေးအတွက်လိုတာဟာ ကျန်းမာရေးနဲ့ ပညာရေးပါပဲ။ မကျန်းမာတဲ့ နိုင်ငံသူ နိုင်ငံသားတွေဟာ တိုင်းပြည်ကိုတိုးတက်အောင်၊ ဖွံ့ဖြိုးအောင် လုပ်နိုင်မှာမဟုတ်ပါဘူး။ ထိုနည်းတူ ပညာမတတ်တဲ့ နိုင်ငံသူ၊ နိုင်ငံသားများ ဟာလည်း တိုင်းပြည်ကို တိုးတက်အောင်၊ ကြီးပွားအောင် လုပ်နိုင်မှာမဟုတ်ပါဘူး။ ပညာမတတ်ဘူးလို့ပြောတဲ့အခါမှာ ဘွဲ့မရဘူးလို့ပြောလိုတာမဟုတ်ပါဘူး။ ဆင်ခြင်တုံ တရားမရှိတာကို ဆိုလိုတာပါ။ ဒါဟာ အသိုင်းအ၀ိုင်းနဲ့ဆိုင်ပါတယ်။ ကျောင်းနေတာနဲ့လည်း မဆိုင်ဘူး။ ကိုယ့်ရဲ့ လူ့အသိုင်းအ၀ိုင်းနဲ့ဆိုင်ပါတယ်။ ဆင်ခြင်တုံတရားဆိုတဲ့ အခါမှာ တစ်ဦးနဲ့တစ်ဦး မှန်မှန်ကန်ကန် ဆက်ဆံတာလည်းပါပါတယ်။”
သူနာပြုဆရာမတွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးကြောင်းနဲ့ လူနာတွေအပေါ်မှာ တကယ့်ကို ကရုဏာ၊ စေတနာအပြင် ကျန်းမာရေးပညာ ပြည့်ပြည့်စုံစုံနဲ့ ပြုစုပေးကြဖို့လည်း ပြောပါတယ်။
“အခုဒီဆေးရုံကို အရင်တုန်းက အခြေအနေထက်ပိုပြီးတော့ တိုးတက် အောင်၊ ကောင်းမွန်အောင် ၀ိုင်းဝန်းပြီးတော့ လုပ်ဆောင်ပေးတဲ့ ပုဂ္ဂိုလ်များအားလုံးဟာ ဆေးရုံတရုံအတွက်သာလုပ်ပေးတာမျိုးမဟုတ်ဘဲနဲ့ ကျမတို့ရဲ့ ကျန်းမာရေးအတွက်၊ ကျမတို့ရဲ့ပြည်သူတွေအတွက် ၊ ပြည်ထောင်စုအတွက် ၀ိုင်းဝန်း ပြီးတော့ ကူညီ ဆောင်မပေးကြတာလို့ ကျမအနေနဲ့ ယူဆပါတယ်။”
ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံဖွင့်ပွဲကို ရန်ကုန်တိုင်းအစိုးရ တာဝန်ရှိသူတွေ၊ ၀န်ကြီးတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယာယီတာဝန်ခံတို့ တက်ရောက်ခဲ့ကြပါတယ်။