Home
မြန်မာသတင်း
ကေအန်ပီပီ တပ်ဖွဲ့ဝင် ၄ ဦး အသတ်ခံရမှု ဥပဒေစိုးမိုးရေး လုံးဝကင်းမဲ့နေဟု ပါတီပြော
DVB
·
December 23, 2017
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) က တပ်ဖွဲ့ဝင် ၄ ယောက်ကို တပ်မတော်က ဖမ်းဆီးသွားပြီး သတ်ဖြတ်လိုက်တာဟာ ဥပဒေစိုးမိုးရေး လုံးဝကင်းမဲ့နေတာကို ပြသလိုက်တာ ဖြစ်တယ်လို့ ပါတီက ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၁၉ ရက်နေ့က တပ်မတော် ရိက္ခာယာဉ်တွေမှာ သစ်တွေ တင်လာတဲ့ သတင်းရလို့ လွိုင်ကော် ၇ မိုင် ယာယီဂိတ်မှာ ကေအန်ပီပီတပ်သားတွေက စစ်ဆေးခဲ့ပြီး အဲဒီဂိတ်ကို တပ်မတော်က အင်အားနဲ့ ဝိုင်းခဲ့တာလို့ ပါတီအတွင်းရေးမှူး ၂ ခူဒယ်နီယာယ်က ပြောပါတယ်။ အဲဒီကားတွေမှာလည်း မျောတိုင်နဲ့ သစ်တွေကို ထင်းနဲ့ ဝါးတွေ ဖုံးပြီး သယ်ဆောင်လာတာတွေ့ပေမယ့် ပြန်လွှတ်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ယာယီဂိတ်ကို စစ်အင်အားနဲ့ ဝိုင်းပြီး နောက်နေ့မနက်မှာ ဝင်စီးခဲ့တယ်လို့ ဆိုပါတယ်။ နောက်နေ့မှာ ကရင်နီရဲဘော်တွေ သေဆုံးတာသိရလို့ အလောင်းပြန်တောင်းတဲ့အခါ အရိုးအိုးတွေပဲ ပြန်ပေးခဲ့တယ်လို့ ခူဒယ်နီယာယ်က ပြောပါတယ်။ တိုက်ပွဲဖြစ်တာ မဟုတ်ဘဲ ဖမ်းဆီး သတ်ဖြတ်တာဟာ ဥပဒေမိုးမိုးရေး လုံးဝ ကင်းမဲ့နေကြောင်း ပြသလိုက်တာ ဖြစ်သလို မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတကာ စစ်ဥပဒေ ဂျီနီဗာ ကွန်ဗင်းရှင်းကို ချိုးဖောက်တဲ့ စစ်ရာဇဝတ်မှုလို့ ပါတီက ထုတ်ပြန်ပါတယ်။ ဒီဖြစ်ရပ်တွေကို လက်ရှိ အစိုးရနဲ့ တပ်မတော်က တာဝန်ယူ၊ တာဝန်ခံဖို့နဲ့ အဖြစ်မှန်ပေါ်ပေါက်ဖို့ ပွင့်လင်းမြင်သာတဲ့ တရားစီရင်ရေးစနစ်နဲ့ ဆောင်ရွက်ဖို့လည်း တောင်းဆိုထားပါတယ်။ ပြီးတော့ နှစ်ဖက် ကိုယ်စားလှယ်တွေ ပါတဲ့ စုံစမ်းရေး အဖွဲ့ဖွဲ့ပြီး နိုင်ငံတကာ ဥပဒေ ပညာရှင်တွေပါတဲ့ ခုံရုံးနဲ့ စစ်ဆေးဖို့လည်း တောင်းဆိုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024