ဂျပန်ဘုရင် ၈၄ နှစ်ပြည့်မွေးနေ့ လူ ၄ သောင်းခွဲကျော် တက်ရောက်
၂၀၁၉ ခုနှစ်မှာ ထီးနန်းစွန့်လွှတ်တော့မယ့် ဂျပန်ဘုရင် အာကီဟီတိုရဲ့ ၈၄ နှစ်ပြည့်မွေးနေ့ကို လူ ၄ သောင်းခွဲကျော် တက်ရောက်ခဲ့ကြပါတယ်။
ဒီဇင်ဘာ ၂၃ ရက် မနက်ပိုင်းက ဘုရင့်နန်းတော်မြေနေရာမှာ လူအများဆုံးတက်ရောက်တဲ့ လက်ရှိ ဘုရင်မွေးနေ့ပွဲ ဖြစ်ခဲ့ပြီး၊ လူ ၄၅၉၀၀ လာရောက်ခဲ့ကြတာပါ။
ဆီးကြိတ်ကင်ဆာ ရောဂါကြောင့် ခွဲစိတ်ကုသမှုခံယူထားရတဲ့ ဂျပန်ဘုရင် အာကီဟီတိုဟာ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်နေ့မှာ ထီးနန်းစွန့်မှာဖြစ်ပြီး၊ သူ့ရဲ့ အရိုက်အရာကို အသက် ၅၇ နှစ်အရွယ် အိမ်ရှေ့မင်းသား နာရူဟီတိုက ဆက်ခံမှာလည်းဖြစ်ပါတယ်။
ဂျပန်ဘုရင်တပါးအတွက် အခုလို ထီးနန်းစွန့်မှုဟာ နှစ်ပေါင်း ၂၀၀ လောက်အတွင်း ပထမဆုံးဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်ဦးစီးရေးဆွဲခဲ့တဲ့ ဂျပန်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဂျပန်ဘုရင်ဟာ “ပြည်သူ့စည်းလုံးညီညွတ်ရေးနဲ့ နိုင်ငံရဲ့ အမှတ်သင်္ကေတ” အဖြစ် သတ်မှတ်ထားပြီး၊ နိုင်ငံရေးအာဏာပေးအပ်ထားခြင်း မရှိဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။