A d v e r t i s e m e n t With Us

ဖိလစ်ပိုင်တွင် အပူပိုင်းမုန်တိုင်း ၀င်ရောက်တိုက်ခတ်၊ လူ ၁၀၀ ကျော်သေဆုံး

ဖိလစ်ပိုင်နိုင်ငံမှာ ၀င်ရောက်တိုက်ခတ်နေတဲ့ အပူပိုင်းမုန်တိုင်းကြောင့် သေဆုံးရသူ ဦးရေ ၁၀၀ ကျော်သွားခဲ့ပြီလို့ ဘီဘီစီသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ ဖိလစ်ပိုင်ဘာသာစကားနဲ့ ဗင်တ(Vinta)- သစ်ထွင်းလှေလို့ အမည်ရတဲ့ ဒီမုန်တိုင်းဟာ ဒီဇင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်း နိုင်ငံတောင်ပိုင်းကို စတင် ဖြတ်သန်း တိုက်ခတ်ခဲ့တာဖြစ်ပြီး လူပေါင်းဒါဇင်နဲ့ ချီပြီးတော့ ပျောက်ဆုံးနေတယ်လို့ သက်ဆိုင်ရာက ဆိုပါတယ်။ တောင်ပိုင်း မင်ဒါနာအိုကျွန်းမှာ ထိခိုက်ပျက်စီးမှုတွေ၊ ရေကြီးရေလျှံမှုတွေနဲ့ မြေပြို မှုတွေနဲ့အတူ တူဘော့ဒ်(Tubod)နဲ့ ပီယာဂါပို (Piagapo) ဒေသတွေမှာ ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။ ဖြတ်သန်းတိုက်ခတ်ချိန်မှာ မုန်တိုင်းရဲ့ အရှိန်ဟာ ၁ နာရီကို လေတိုက်နှုန်း ၈၀ ကီလိုမီတာထိ ရှိခဲ့ကာ အနောက်ဘက်ကို ဆက်လက်ရွေ့လျားနေပြီး တောင်ဘက်စွန်းမှ ပလာဝမ် (Palawan) ဒေသဆီ ဦးတည်နေတယ်လို့ ဆိုပါတယ်။ တူဘော့ဒ်ရဲဌာနမှ ရဲအရာရှိ ဂယ်ရီပါရာမီက “မြစ်ရေတွေ မြင့်တက်နေပြီး အိမ် အများစုက ရေထဲကို မျောပါကုန်တယ်။ ရွာတွေပါ ပျောက်ကုန်တယ်”လို့ ပြောပါတယ်။ လက်ရှိမှာတော့ မြေပြိုမှုတွေကြောင့် နစ်မြုပ်ပျောက်ဆုံးခဲ့ရသူတွေကို ကယ်ဆယ် ရေးအဖွဲ့တွေနဲ့အတူ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေကြရတာပါ။ အဆိုပါဒေသရဲ့ နေရာအနှံ့ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်ကာ လျှပ် စစ်မီးတွေလည်း ပြတ်တောက်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မုန်တိုင်းရဲ့ အရှိန်ကြောင့် အန္တရာယ်ဖြစ်လာနိုင်တဲ့ ပလာဝမ်ဒေသမှာ နေထိုင်ကြသူတွေကို သတိနဲ့ နေထိုင်ကြဖို့ မုန်တိုင်းသတိပေးချက်တွေ ထုတ်ပြန်ထားခဲ့ရတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ တိုက်ဖွန်းမုန်တိုင်းဒဏ်ကြောင့် လူ ၄၆ ဦးထိသေဆုံးခဲ့ရပါတယ်။ ၂၀၁၃ ခုနှစ်က ဖိလစ်ပိုင်ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဟိုင်ယန်တိုက်ဖွန်းမုန်တိုင်းကြောင့် လူ ၈၀၀၀ နီးပါးသေဆုံးခဲ့ပြီး မိသားစု ၂ သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ နှစ်စဉ် မုန်တိုင်း ၂၀ ခန့် ဝင်ရောက်တိုက်ခတ်တဲ့ဒဏ်ကို ခံနေ ရတဲ့ နိုင်ငံလည်းဖြစ်တယ်လို့ ရိုက်တာသတင်းတပုဒ်က ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up