A d v e r t i s e m e n t With Us

ဆင်မြီးဆွဲ ဓာတ်ပုံရိုက်သည့် ကမ္ဘာလှည့်ခရီးသည်များ ဆင်တိုက်ခိုက်ခံရ၊ ၁ ဦးသေဆုံး

ထိုင်းနိုင်ငံ အရှေ့တောင်ပိုင်း ချွန်းပူးရီးခရိုင်ရှိ ဆင်စခန်းတခုမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက် ညနေပိုင်းက ကမ္ဘာလှည့်ခရီးသည်တစု ဆင်တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာအနည်းငယ်ရသွားတယ်လို့ စနုတ်နယူးစ် သတင်းမှာ ဖော်ပြပါတယ်။ ဒီဇင်ဘာ ၂၁ ရက် ညနေ ၆ နာရီခွဲလောက်က ချွန်းပူးရီးခရိုင် ဘန်လုန်းမြို့နယ် ဟွေ့ ယိုင်အုပ်စုရှိ ဆမ်လိမ်ထောင်းခမ်း ဆင်စခန်းမှာ ကမ္ဘာလှည့်ခရီးသည်တွေ ဆင်တိုက်ခိုက်ခံရကြောင်း သတင်းပေးပို့ချက်ရတဲ့အတွက် အခင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးရာ အသက် ၃၅ နှစ်ရွယ် မစ္စတာ ရုန်းကျိဟီ အမည်ရှိ တရုတ်အမျိုး သားတဦး ဇက်ကျိုးပြီး နှာခေါင်းနဲ့ ပါးစပ်က သွေးတွေထွက်ကာ သေဆုံးနေတာကို တွေ့ရ တယ်လို့ ဟွေ့ယိုင်နယ်မြေရဲစခန်း တာဝန်ကျရဲမှူး အနန်ဖုရဟုန်က သတင်းထောက်တွေကို ပြောပါတယ်။ သေဆုံးသူမှာ တရုတ်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည် ၃၀ ကျော်ကို ဦးဆောင်ခေါ်လည်သူ ဧည့်လမ်းညွှန်ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီနေ့က ဖလိုင်းဥထိုင်း အမည်ရှိ ဆင်တကောင်နဲ့ ဆင်ဦးစီးတို့ဟာ ခရီးသည် ၂ ဦးကို တင်ဆောင်ပြီး တောတွင်း သဘာဝရှုခင်းတွေ လိုက်ပြခဲ့ကြောင်း၊ အပြန်မှာ ရှေ့ကဧည့်သည်တအုပ်နဲ့ တိုးပြီး ဆင်ဦးစီးက လမ်းဖယ်ပေးဖို့ လက်နဲ့ အမူအယာ လှမ်းပြပေမယ့် ခရီးသည်တချို့ နားမထောင်ဘဲ ဆင်နားအုံလာပြီး တချို့က အစွယ်ကို ကိုင်ဆောင်ဓာတ်ပုံရိုက် ဆယ်လ်ဖီဆွဲသလို တချို့က ဆင်မြီးကို လာဆွဲကစားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် ဆင်က သူ့ကိုယ်ပေါ်က လူတွေကို ခါချလိုက်ပြီး အဲဒီလူအုပ်နောက်ကို လိုက်လံတိုက်ခိုက်ခဲ့လို့ ခရီးသည်ခေါင်းဆောင် သေဆုံးခဲ့ရကာ ဆင်က ခါချလိုက်တဲ့ ခရီးသည် ၂ ဦးလည်း ဒဏ်ရာအနည်းငယ်ရခဲ့ပြီး  အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ဆင် ဦးစီးက ပြောပါတယ်။ ဆင်ဦးစီးက ဖလိုင်းဥထိုင်းဆင်ကြီးမှာ သက်တမ်း ၁၇ နှစ်ရှိပီဖြစ်ပြီး ဆင်လိမ္မာတကောင်ဖြစ်ကာ အရင်က ဘယ်သူ့ကိုမှ မတိုက်ခိုက်ခဲ့ဖူးကြောင်း၊ ဆင်ဟာ မုန်ယိုတာလည်း မဟုတ်ဘဲ လူတွေက သူ့နားမှာ ဓာတ်ပုံရိုက်၊ အမြီးဆွဲတာခံရလို့ စိတ်အနှောင့်အယှက်ဖြစ်သွားဟန်တူတယ်လို့ ပြောပါတယ်။ သေဆုံးဒဏ်ရာရသူတွေကို ရဲတပ်ဖွဲ့က ပန်လမုန်းဆေးရုံပို့ဆောင်ခဲ့ပြီး ဖြစ်စဉ်တွေကို ပြန်လည်စုံစမ်းစစ်ဆေးသွားမယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up