Home
မြန်မာသတင်း
အိမ်မဲမြို့ ကမ်းနားလမ်းမှ အုတ်သဲကျောက်လုပ်ငန်းများ မဖယ်ရှားပါက တရားစွဲမည်
DVB
·
December 23, 2017
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့၊ ကမ်းနားလမ်းမှာ လုပ်ကိုင်နေကြတဲ့ အုတ်၊ သဲ၊ ကျောက်လုပ်ငန်းတွေ ဒီဇင်ဘာလအတွင်း ဖျက်သိမ်းဖယ်ရှားပေးဖို့ ဧရာဝတီတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနက အကြောင်းကြားစာပို့ထားပြီး မဖယ်ပေးရင် တရားစွဲဆိုမယ်လို့ သိရပါတယ်။ အိမ်မဲမြို့၊ ကမ်းနားလမ်းက အုတ် သဲ ကျောက်လုပ်ငန်းတွေဟာ မြစ်ချောင်းဖြိုးဌာန ခွင့်ပြုချက်မရှိဘဲ မြစ်ကမ်းဘေးမှာ စုပုံတဲ့အတွက် မဖယ်ပေးရင် ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၂၇ အရ တရားစွဲဆို အရေးယူသွားမယ်လို့ အကြောင်းကြားထားတယ်လို့ အုတ် သဲ ကျောက် ရောင်းချသူတွေက ပြောပါတယ်။ “ကျနော်တို့ အုတ်၊ သဲ၊ ကျောက်ရောင်းချတဲ့လုပ်ငန်းတွေဟာ လွန်ခဲ့တဲ့ ၂၃ လောက်ကတည်းက အိမ်မဲကမ်းနားမှာ တရားဝင် ရောင်းချနေခဲ့တာပါ။ နှစ်စဉ်စည်ပင်ခွန်၊ စုပုံခွန်၊ အမြတ်ခွန်တွေ နိုင်ငံတော်ကို ပေးဆောင်ပြီး ရောင်းချခဲ့တာပါ။ ရပ်ကွက်နေပြည်တွေ၊ လမ်းသွားလမ်းလာတွေကိုလည်း ဘာမှ ထိခိုက်မှုမရှိအောင်လုပ်ဆောင်နေသလို အိမ်မဲမြစ်ကိုလည်း ထိခိုက်မှုမရှိအောင် လုပ်ကိုင်ရောင်းချနေခဲ့တာပါ။ အခုဘာမှလည်း ကြိုတင်သတိပေးမှုလည်း မရှိ၊ အကြောင်းကြားမှုလည်း မရှိ၊ ပညာပေးမှုလည်း မရှိဘဲနဲ့ မြစ်ချောင်းဖြိုးဌာနက ဒီနေရာကဖယ်ပေး၊ မဖယ်ရင် တရားစွဲမယ်ဆိုပြီး ဖယ်ခိုင်းတာပါ။ နေရာအစားပြန်မပေးပဲ ရွှေ့ရရင် ဒီမြို့က အုတ် သဲ ကျောက် လုပ်ငန်းတွေအားလုံး ရပ်ဆိုင်းကုန်မှာပါ” လို့ အိမ်မဲမြို့မှ အုတ်သဲကျောက် ရောင်းချသူ ဦးကံထွေးက ပြောပါတယ်။ အိမ်မဲမြို့ ကမ်းနားလမ်းက အုတ်သဲကျောက်လုပ်ငန်းတွေမှာ မြစ်ချောင်းဖြိုး နယ်နိမိတ်ထဲမှာ အုတ်သဲကျောက်ပုံတာနဲ့ပတ်သက်ပြီး လမ်းသွားလမ်းလာတွေအခက်အခဲဖြစ်နေတာကြောင့် အမျိုးသားလွှတ်တော်မှာမေးမြန်းခဲ့တဲ့ မေးခွန်းအရ မြစ်ကြောင်းဖြိုးဌာနအနေနဲ့ ဥပဒေအရ လုပ်ကိုင်ဆောင်ရွက်ရတာဖြစ်ကြာင်း ရာဝတီတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှမိုးက ပြောပါတယ်။ “ကျနော်တို့က လွှတ်တော်အတွင်းက ဖြစ်တည်လာတဲ့ ကတိက၀တ်အရ အကောင်အထည်ဖော် ဆောင်ရွက်ရတာပါ။ အိမ်မဲမြို့နယ် စီမံခန့်ခွဲရေးကော်မတီရဲ့သဘောထားကို မေးမြန်းတော့လည်း ဥပဒေအရ အရေးယူဆောင်ရွက်သင့်တယ်လို့ သဘောထားပေးလို့ အခုလို လုပ်ရတာပါ။ အဲတော့ အိမ်မဲမြို့က အုတ် သဲ ကျောက်လုပ်ငန်းများအနေနဲ့ ဖယ်ရှားခြင်းမပြုရင်တော့ ဥပဒေအရ တရားစွဲဆိုတာတွေ လုပ်ဆောင် သွားရမှာ ဖြစ်ပါတယ်။” အိမ်မဲမြို့ ကမ်းနားလမ်းက အုတ် သဲ ကျောက်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ပြည်သူလူထု တိုင်ကြားခံရမှု တစုံတရာ မရှိခဲ့ကြောင်း၊ စာချွန်ကံရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ထောက်ခံချက်ထုတ်ပေးထားပြီး ရပ်ကွက်နေ ပြည်သူတွေနဲ့ အိမ်မဲမြို့ခံတွေကလည်း ဒီလုပ်ငန်းတွေကို ဖျက်သိမ်းပြောင်းရွှေ့တာတွေ မလုပ်ဆောင်ဖို့ လုပ်ငန်းရှင်တွေက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနဲ့ နေပြည်တော်က မြစ်ချောင်းဖြိုးဌာနရုံးချုပ်ကို လက်မှတ်ရေးထိုး တောင်းဆိုထားကြောင်း သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024