ဆင်တူယိုးမှား ပေ့ဂ်ျအတုများကို အရေးယူမည်ဟု အမ်ပီတီ ကြေညာ
ပိုင်စိုး
·
December 22, 2017
ဆင်တူယိုးမှား ပေ့ဂ်ျအတုတွေကို အရေးယူမယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အမ်ပီတီက ကြေညာပါတယ်။
အခုတလောမှာ အမ်ပီတီ (MPT) အမှတ်တံဆိပ်နဲ့ နာမည်တွေကို သုံးပြီး ပေ့ဂ်ျအတုတွေနဲ့ Like တောင်းတာ၊ Share လုပ်ခိုင်းတာ၊ မက်လုံးပေးပြီး ပြိုင်ပွဲတွေ လုပ်ပေးမယ်လို့ဆိုတာ၊ သတင်းအလိမ်တွေ ဖြန့်ဝေတာတွေ လုပ်နေတာပါ။
အမ်ပီတီ နာမည်နဲ့ အမှတ်တံဆိပ်ဟာ တရားဝင်မှတ်ပုံတင်ထားတာဖြစ်ပြီး သူ့ရဲ့ ဖေ့စ်ဘုတ် ပေ့ဂ်ျဟာလည်း ပရိသတ် ၈ သန်းကျော်ရှိတဲ့ အပြာရောင် အမှတ်ပါတယ်လို့ ကြေညာပါတယ်။
ပြီးတော့ ပေ့ဂ်ျအတုတွေမှာ ကိုယ့်ရဲ့ ဖုန်းနံပါတ်တွေ၊ မှတ်ပုံတင်နံပါတ်နဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို မှတ်ချက်မပေးဖို့၊ ဒါတွေနဲ့ပတ်သက်ပြီး ဖြစ်လာတဲ့ ကိစ္စတွေဟာ အမ်ပီတီမှာ တာဝန်မရှိဘူးလို့လည်း ဆိုပါတယ်။
အမ်ပီတီအနေနဲ့ ပေ့ဂ်ျအတုတွေကို တရားဥပဒေနဲ့အညီ လိုအပ်တဲ့ အရေးယူတာတွေ လုပ်သွားမယ်လို့လည်း ထုတ်ပြန်ဖော်ပြထားပါတယ်။
ဖေ့စ်ဘွတ်ခ် အသုံးတွင်ကျယ်လာတာနဲ့အမျှ လူစိတ်ဝင်စားမယ့် အကြောင်းအရာတွေ ဖော်ပြတဲ့ ပေ့ဂ်ျတွေ၊ ကံစမ်းမဲပေးမယ်ဆိုပြီး ပေ့ဂ်ျကို Like ပြုလုပ်ခိုင်းတာတွေ ပြုလုပ်ကြပြီး Like များလာတဲ့အခါ စီးပွားရေးလုပ်ကိုင်သူတွေအတွက် ပေ့ဂ်ျတွေအဖြစ် နာမည်ပြောင်း ရောင်းချတာ၊ သတင်းမှားတွေ တင်တဲ့ ပေ့ဂ်ျတွေအဖြစ် ပြုလုပ်တာတွေ ရှိနေတာပါ။