မူဆယ်ဈေးကြီးထဲတွင် မီးလောင်မှုဖြစ်ပွား
DVB
·
December 22, 2017
ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့မဈေးကြီးထဲမှာ ဒီကနေ့ မနက် ၉ နာရီကျော်က မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ မူဆယ်ဒေသခံတဦးက ပြောပါတယ်။
မူဆယ်မြို့ ကောင်းနောင်ရပ်ကွက်ထဲရှိ အမှတ် (၂) ဈေးကြီးရဲ့ ဒုတိယထပ် ဆိုင်ခန်းတခန်းမှာ မီးလောင်တာဖြစ်ပြီး ကြီးကြီးမားမား ပျက်စီးဆုံးရှုံးမှုတော့ မရှိဘူးလို့ မူဆယ်ဒေသခံ စိုင်းဆိုင်လျန်းက ဒီဗွီဘီကို ပြောပါတယ်။
“မီးလောင်တဲ့ဆိုင်က ငါးပိ၊ ငါးခြောက်တွေ ရောင်းတဲ့ ဆိုင်ပါခင်ဗျ။ ဝါရှာရှော့ခ် ဖြစ်တယ်လို့ ပြောတယ်။ ဈေးသူဈေးသားတွေ ဝိုင်းငြှိမ်းကြတော့ ခဏလေးပဲ လောင်တယ်။ မီးသတ်ကားက လမ်းကျဉ်းတော့ ချက်ချင်း ဝင်လာလို့ မရဘူး။ ဒါပေမယ့် အားလုံးဝိုင်းငြှိမ်းလို့ ဘေးဆိုင်တွေကို မကူးပါဘူး။ တဆိုင်ပဲ၊ ကြီးကြီးမားမား ဆုံးရှုံးတာ မရှိဘူး” လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မူဆယ်မြို့နယ် မီးသတ်တပ်ဖွဲ့ကိုတော့ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။
Photo : Sai Han