Home
မေးမြန်းခန်း
ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် တိုင်းပြည်စီးပွား ဖွံ့ဖြိုးအောင်လုပ်ရမယ် - ဒေါက်တာသန်းမြင့်
DVB
·
December 22, 2017
တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနဲ့ ချမှတ်လုပ်ဆောင်နေတဲ့ မူဝါဒ၊ ပို့ကုန်သွင်းကုန်ဆိုင်ရာ အခြေအနေ၊ တရားဝင်ကုန်သွယ်ရေးနဲ့ မှောင်ခိုကုန်သွယ်ရေးဆိုင်ရာ၊ အထူးစီးပွားရေးဇုန် ဖော်ဆောင်မှု၊ ပုဂ္ဂလိကပိုင်ကဏ္ဍပြောင်းလဲရေး အခြေအနေ၊ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု အခြေအနေ စတာတွေနဲ့ ပတ်သက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်ကို ဒီဗွီဘီ ဒု-အယ်ဒီတာချုပ် ဦးခင်မောင်ဝင်းက   တွေ့ဆုံမေးမြန်း ဆွေးနွေးထားပါတယ်။ မေး - ကျနော်တို့နိုင်ငံမှာ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အစိုးရထဲမှာ အရေးကြီးဆုံး ဝန်ကြီးဌာနတခု ဖြစ်တာပေါ့နော်။ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ မြန်မာနိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ချမှတ်ထားတဲ့ ပေါ်လစီ ယေဘုယျသဘော ပထမဆုံး ရှင်းပြပေးလို့ရမလား။ ဖြေ - ဟုတ်ပါတယ်။ ကျနော်တို့အစိုးရသစ် တက်လာပြီးနောက် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးမူဝါဒ ၁၂ ရပ် ချမှတ်ဆောင်ရွက်ထားပါတယ်။ စီးပွားရေးမူဝါဒ ၁၂ ရပ်နဲ့အညီ ကျနော်တို့ စီးပွားကူးသန်း ဝန်ကြီးဌာနအနေနဲ့လည်း လိုက်လျောညီထွေ ရေးဆွဲထားတာ ရှိပါတယ်။ ကျနော်တို့ စီးပွားကူးသန်းရဲ့ အခြေခံမူဝါဒကတော့ ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ချထားပါတယ်။ ကျနော်တို့ရဲ့ အခြေခံမူဝါဒ ဒီမှာ ရည်မှန်းချက် ၃ ချက် ရှိမယ်၊ မူဝါဒ ၅ ရပ်ရှိမယ်။ စီးပွားကူးသန်းအနေနဲ့ ဒီလုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ဖို့ ဆိုပြီးတော့ ကဏ္ဍကြီး ၆ ခု ခွဲပြီး လုပ်ထားတာ ရှိပါတယ်။ ကုန်သွယ်မှုမြှင့်တင်ရေး၊ ဈေးကွက်ရှာပေးမယ်၊ ထုတ်လုပ်သူနဲ့ ရောင်းဝယ်သူနဲ့ စားသုံးသူနဲ့ ချိတ်ဆက်ပေးမယ်။ ကုန်သွယ်တဲ့နေရာမှာ ချောချောမွေ့မွေ့ဖြစ်အောင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ပညာပေးမှုတွေ လုပ်ပေးမယ်။ ကုန်သွယ်ရေးဆိုင်ရာ ဖြေလျှော့မှုတွေ၊ အဓိကကတော့ လိုင်စင်ထုတ်ပေးတဲ့စနစ်တွေ ဖြေလျှော့ပေးမယ်။ ကျနော်တို့ ချမှတ်ထားတဲ့ နည်းဥပဒေ ဖြေလျှော့ပေးမယ်။ ကုန်သွယ်ရေး ပညာပေးပေါ့။ လုပ်ငန်းရှင်များ၊ ကုန်သွယ်ရေးမှာ ထုတ်လုပ်တဲ့ လုပ်ငန်းရှင်များနဲ့သော်လည်းကောင်း၊ စီးပွားကူးသန်း ဝန်ကြီးဌာနနဲ့သော်လည်းကောင်း ပညာပေးလုပ်ငန်းတွေ လုပ်တယ်။ နောက် စားသုံးသူ အကာအကွယ်ပေးရေးပေါ့။ သွင်းကုန်ဖြစ်ဖြစ်၊ ပြည်တွင်းထုတ်လုပ်ကုန်ဖြစ်ဖြစ် ကုန်ပစ္စည်းတွေဟာ စားသုံးသူများ ကျန်းမာရေးနဲ့ ကာကွယ်ရေးဆိုတဲ့ လုပ်ငန်းကြီး ၅ ရပ်ကို ခွဲပြီးတော့ လုပ်နေတာရှိပါတယ်။ မေး - အဲဒီထဲမှာ ရေတိုလုပ်ရမယ့်ကိစ္စ၊ ရေတို အမြန်လုပ်ရမယ့်ကိစ္စ၊ ရေရှည်လုပ်ရမယ့် ကိစ္စတွေလည်း ပါမှာပေါ့နော်။ ဘယ်လိုမျိုးကိစ္စတွေက ရေတို၊ ဘယ်လိုမျိုးကိစ္စတွေက ရေရှည် လုပ်ရမလဲဆိုတာ အကြမ်းဖျင်း ရှင်းပြလို့ရမလား။ ဖြေ - လုပ်ငန်းတွေက ချမှတ်တဲ့ မူဝါဒတွေကို တပြိုင်တည်း လုပ်ကြရတာပေါ့လေ။ သို့သော် လောလောလတ်လတ် အရေးကြီးတဲ့ လုပ်ငန်းကတော့ ဦးစားပေး လုပ်ရတာပေါ့။ ဥပမာဆို ကုန်သွယ်မှု တိုးတက်ဖွံ့ဖြိုးခြင်းဖြင့် တိုင်းပြည်စီးပွား တိုးတက်ဖွံ့ဖြိုးဖို့ဆိုရင် ကျနော်တို့က ပြည်ပပို့ကုန် ဦးစားပေး တိုးတက်အောင် လုပ်ရတာပေါ့လေ။ ပြည်တွင်းမှာ စီးပွားကူးသန်းအနေနဲ့ အဓိက ကုန်သွယ်မှု တိုးတက်ဖွံ့ဖြိုးရေးပေါ့၊ ပြည်တွင်းကုန်သွယ်ရေးနဲ့ ပြည်ပကုန်သွယ်ရေး နှစ်မျိုးရှိတဲ့နေရာမှာ ပြည်ပကုန်သွယ်ရေးကို အဓိက ဇောက်ချလုပ်ရတာ ရှိပါတယ်။ ပြည်တွင်းကုန်သွယ်ရေးကတော့ ထုတ်လုပ်သူ အများစုလည်း ပုဂ္ဂလိကလုပ်ငန်းရှင်များ ဖြစ်ပါတယ်။ ရောင်းဝယ်သူကလည်း ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က ပို့ကုန်ကိုပဲ ဦးစားပေးလုပ်ရတဲ့ အကြောင်းကတော့ ပို့ကုန်ဦးစားပေးတိုးတက်ရေး ဆိုတာကတော့ တိုင်းပြည်က ပိုတဲ့လျှံတဲ့ ပစ္စည်းတွေကို ပြည်ပကိုပို့မယ်။ ဈေးကွက်ရရှိဖို့အတွက် အဓိကဖြစ်တဲ့အတွက်ကြောင့် ဈေးကွက်ရရှိဖို့ကို တွန်းအားပေးပြီး လုပ်ရတာ ရှိပါတယ်။ နောက်တခါ ပို့ကုန်၊ သွင်းကုန် လုပ်နေတဲ့ လုပ်ငန်းရှင်များနဲ့ ပုဂ္ဂလိက ပူးပေါင်းပါဝင်ရေး ဖြစ်တဲ့အတွက် ဝန်ကြီးဌာနအချင်းချင်း ရင်းရင်းနှီးနှီး ဆက်ဆံခြင်းအားဖြင့် ချိတ်ဆက်မှုတွေ လုပ်ပါတယ်။ ထုတ်လုပ်သူနဲ့ ဖြန့်ချိသူအကြားမှာ ကျနော်တို့က ချိတ်ဆက်မှုအနေနဲ့ လုပ်ပေးရတာ ရှိတယ်။ ဒီလိုလုပ်တဲ့နေရာမှာ ဥပဒေ၊ နည်းဥပဒေ ဆွဲခွင့်ရှိတဲ့အခါကျတော့ ဥပဒေ၊ နည်းဥပဒေကို ပြန်လေ့လာရတာ ရှိပါတယ်။ လေ့လာဖို့လုပ်တဲ့နေရာမှာ ကျနော်တို့ ကျွမ်းကျင်အောင် ပြင်ပ ပညာရှင်များ၊ ပြည်တွင်းက ဥပဒေပညာရှင်များ ဖွဲ့စည်းပြီးတော့ ဥပဒေကို လေ့လာနေတာ ရှိပါတယ်။ ကုန်သွယ်ရေးလုပ်တဲ့အခါမှာ တဖက်က လုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ကျနော်တို့ဘက်က ဝန်ထမ်းတွေကိုလည်း စွမ်းရည်ပြည့်ဝအောင် နိုင်ငံတကာ အဖွဲ့အစည်းနဲ့သော်လည်းကောင်း၊ ပြည်တွင်းက ပညာရှင်တွေနဲ့ လေ့ကျင့်ဖို့ လုပ်တယ်။ နောက် Data & Information ပေါ့။ ကုန်သွယ်၊ ထုတ်လုပ်သူများကို အချက်အလက် စုဆောင်းတယ်။ သတင်းအချက်အလက်တွေ ပြန်လုပ်ပေးတယ်။ ဒါကတော့ လောလောဆယ် လုပ်နေတဲ့ ရေတိုလုပ်ငန်းစဉ်တွေပါပဲ။ မေး - ဝန်ကြီး ပြောသွားတဲ့အထဲမှာ ဆက်စပ်ပြီးမေးချင်တဲ့ တချက်က Trade liberalization (ကုန်သွယ်ရေးဆိုင်ရာ ဖြေလျှော့မှု) နဲ့ ပို့ကုန်မြှင့်တင်ရေးဆိုတဲ့ အချက်နဲ့ ပတ်သက်လို့ပါ။ ဟိုးအရင်တုန်းက ကျနော်တို့နိုင်ငံမှာ နိုင်ငံခြားပို့ကုန်နဲ့ ပတ်သက်ပြီးတော့ withholding tax ကို ၅ ရာခိုင်နှုန်းလောက်ထိ ထားပြီး အခု ၂ ရာခိုင်နှုန်းလောက်အထိ လျှော့လိုက်တယ်လို့ သိရတယ်။ ဒါတောင်မှ တချို့ အိမ်နီးချင်းနိုင်ငံတွေမှာဆိုရင် အဲဒါမျိုး မဟုတ်ဘဲနဲ့ အခွန်အကောက် လုံးဝမရှိဘဲနဲ့ အစိုးရကနေ ပံ့ပိုးပေးပြီးတော့ တချို့ဟာတွေ အပိုဆောင်းလုပ်ပေးတာမျိုး ရှိတယ်လို့ သိရတယ်ပေါ့နော်။ မြန်မာနိုင်ငံက နိုင်ငံခြားကို ပို့နေတဲ့ ပို့ကုန်တွေမှာ ၂ ရာခိုင်နှုန်း ကောက်တာက မှန်ကန်သင့်မြတ်တဲ့ ပေါ်လစီ ဟုတ်ပါသလား။ ရှင်းပြလို့ရမလား။ ဖြေ - တိုင်းပြည်ကလည်း နိုင်ငံခြားငွေ ရရှိရေးသည် အဓိက ပို့ကုန်တိုးချဲ့ရရှိဖို့ ဆိုတဲ့အတွက်ကြောင့် အခွန်အကောက်ကလည်း အဓိကပါဝင်နေတယ်။ ၂ ရာခိုင်နှုန်းက လောလောဆယ်တော့ ဒီရည်ရွယ်ချက်နဲ့ အခွန်အကောက် ရရှိရေးအတွက်ကို ကောက်တဲ့သဘော ဖြစ်ပါတယ်။ ဒါကို ပြန်သုံးသပ်နေတာ ရှိပါတယ်။ နောက်တခါ Trade Facilitation ဆိုတဲ့ ကုန်သွယ်ရေးကို ခရက်ဒစ်တို့၊ favourable တို့ လုပ်ဖို့ဆိုတာ စဉ်းစားတော့ မကြာခင်မှာ ဒါကိုလည်း အနည်းဆုံးတော့ Export Credit လိုမျိုး ရရှိအောင် စီစဉ်ဆောင်ရွက်နေပါတယ်။ မေး - စီးပွားကူးသန်းဝန်ကြီးဌာနအနေနဲ့ ပြည်ပပို့ကုန် အဓိကထားပြီး မြှင့်တင်ဆောင်ရွက်ပေးရမယ့် ကိစ္စပေါ့နော်။ အခု AEC တို့ ဖြစ်လာရင် ကျနော်တို့နိုင်ငံက ပြည်ပပို့တာနဲ့ တခြားနိုင်ငံက ပြည်တွင်းကို သွင်းလာတာနဲ့ဆိုရင် အချိုးအစားက ဘယ်လိုရှိမလဲ။ တကယ်ပဲ ယှဉ်ပြိုင်နိုင်မယ့် အခြေအနေမှာ ရှိနေပြီလား။ ဖြေ - ကျနော်တို့လည်း စိုးရိမ်ချက်ရှိပါတယ်။ လောလောဆယ်မှာ ပြည်ပပို့တာမှာ ပို့ကုန်က အဓိကအားဖြင့် သဘာဝကရတဲ့ ရေနံဓာတုတွေကတော့ ပုံမှန်ပို့နေတော့လည်း တဖက်က ထုတ်လုပ်မှုတွေ ကျလာတယ်။ ကမ္ဘာ့ဈေးနှုန်းက ကျတဲ့အခါတော့ ဒီအပေါ်မှာလည်း ဝင်ငွေလေျာ့သွားတာပေါ့။ သယံဇာတ သစ်တောကလည်း ပြုန်းတီးနေတော့ ဒါကို ပြန်လည်တည်ထောင်ဖို့ဆိုတော့ ဒီကဏ္ဍကလည်း လျော့သွားတယ်။ ကျောက်စိမ်းပိုင်းကလည်း ဈေးကွက်က လျော့သွားတဲ့အတွက် ကျောက်စိမ်းဘက်မှာလည်း ဈေးနှုန်းက လျော့သွားတယ်။ အစိုးရဘက်ကပို့တဲ့ စက်ရုံ အလုပ်ရုံ ပစ္စည်းများကလည်း လျော့နည်းတာ ဖြစ်တဲ့အတွက်ကြောင့် အဓိကက စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစား၊ အလတ်စား၊ အထည်ချုပ်လုပ်ငန်းမျိုး ပို့ရတဲ့အခါကျတော့ တဖက်က JSP တော့ အခွင့်အလမ်းရသလို AEC ဝင်လာရင် အာဆီယံရဲ့ သဘောတူညီချက်အရ ဖြေလျှော့မှုတွေ ပေးရမှာဆိုတော့ ကျနော်တို့ စိုးရိမ်မှုရှိပါတယ်။ ဒါကတော့ နိုင်ငံတကာ လုပ်ထုံးလုပ်နည်း၊ အာဆီယံ လုပ်ထုံးလုပ်နည်းတွေအရ ကျနော်တို့  ပြင်ဆင်နေတာ ရှိပါတယ်။ မေး - ကုန်သွယ်ရေးမှာလည်း တရားဝင်ကုန်သွယ်ရေးနဲ့ မှောင်ခိုကုန်သွယ်ရေး။ ဟိုတုန်းကတော့ မှောင်ခိုကုန်သွယ်ရေးက အရမ်းကြီးခဲ့တယ်လေ။ ပြီးခဲ့တဲ့ တလ၊ နှစ်လလောက်က အစိုးရထဲက အရာရှိ ညွှန်မှူးတချို့ကို မေးကြည့်တဲ့အခါမှာ မြန်မာနိုင်ငံမှာ မှောင်ခိုကုန်သည်တွေက အခုထိရှိနေတုန်းပဲလို့ ပြောတယ်။ စီးပွားရေးလုပ်ငန်းရှင်တချို့ကလည်း မှောင်ခိုကုန်သည်တွေက ရှိနေတုန်းပဲလို့ ပြောတယ်။ စီးပွားကူးသန်းဝန်ကြီးဌာနအနေနဲ့ မှောင်ခိုကုန်သွယ်ရေးကို တိုင်းပြည်စီးပွားရေးအတွက် အကျိုးရှိလာအောင် ဘယ်လိုမျိုး ပြောင်းလဲလုပ်ကိုင်လို့ရမလဲ။ ဖြေ - ဟုတ်ပါတယ်။ လက်ခံပါတယ်။ မှောင်ခိုကုန်သွယ်ရေးက ဟိုတုန်းကတည်းက ရှိခဲ့ဖူးတယ်ဆိုတော့ သိမှာပါပဲ။ သစ်တောတွေ ပြုန်းနေတာရှိတယ်။ မှောင်ခိုပို့တယ်ဆိုတော့ တဖက်က ကိုယ်ကပို့ရင်လည်း ဝင်ငွေရတယ်ပေါ့။ ဟိုဘက်က ဝယ်ရင်လည်း ငွေပေးရတယ်ပေါ့။ သို့သော် စာရင်းဇယားအရ၊ အခွန်အကောက်တွေလည်း မရတာရှိတယ်။ နောက်တခုက တရားမဝင် ငွေကြေးခဝါချမှုဆိုတာ ဖြစ်လာနိုင်တော့။ မှောင်ခိုကုန်သွယ်ရှိတော့ ပြည်တွင်းက အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းတွေကို ထိခိုက်တာတွေ ရှိပါတယ်။ မှောင်ခိုလုပ်ငန်းကတော့ တကယ်ကြည့်မယ်ဆိုရင် အခုလည်း များများစားစား ရှိနေပါတယ်။ ရှိတဲ့အကြောင်းရင်းကတော့ မှောင်ခိုလုပ်ငန်းတွေ အများစုက သွင်းကုန်ထုတ်ကုန်က နယ်ခြားဒေသတွေမှာ လမ်းကြောင်းပွင့်နေတယ်။ ဒီဒေသတွေမှာ အင်အားစုအမျိုးမျိုး ရှိတယ်။ တချို့အင်အားစုတွေက ကျနော်တို့နဲ့ သဘောတူညီမှု မရတဲ့ အင်အားစုတွေ ရှိတယ်။ ကုန်သွယ်ရေးကို အမြတ်အစွန်းလိုချင်တဲ့ ပုဂ္ဂိုလ်တွေက လုပ်တာရှိတဲ့အတွက်ကြောင့် နိုင်ငံရေးဆိုင်ရာ အချက်အလက်ပါသလို တရားဥပဒေစိုးမိုးမှုဆိုတဲ့ အပိုင်းလည်း ပါတယ်။ ကျနော်တို့ ဝန်ထမ်းများရဲ့ စီမံခန့်ခွဲမှု စွမ်းဆောင်နိုင်ရည်ဆိုတာလည်း ပါပါတယ်။ ဘက်ပေါင်းစုံ ဖြစ်တဲ့အတွက်ကြောင့်မို့ အစိုးရ၊ လုပ်ငန်းရှင်တွေ၊ နိုင်ငံရေးဆိုင်ရာ၊ တိုင်းရင်းသားငြိမ်းချမ်းရေးနဲ့ ဘက်ပေါင်းစုံနဲ့ လုပ်ရမယ်ဆိုတော့ အစိုးရဘက်က အတားအဆီး လုပ်နေပါတယ်။ သို့သော်လည်း ဒီနေ့အထိက အောင်မြင်မှုက နည်းပါးသေးပါတယ်။ မေး - နယ်စပ်မှောင်ခိုကုန်သွယ်ရေး အများဆုံးဖြစ်တာက အိမ်နီးချင်းနိုင်ငံတွေပေါ့နော်။ ထိုင်းနဲ့ ဖြစ်မယ်၊ တရုတ်နယ်စပ်နဲ့ ဖြစ်မယ်၊ ကျနော် သိထားသလောက်က ဝန်ကြီးကိုယ်တိုင်က တရုတ်-မြန်မာ နယ်စပ် နယ်ခြားစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်မှာ တာဝန်ယူထားရတယ်လို့ သိရပါတယ်။ တရုတ်-မြန်မာ နယ်စပ် နယ်ခြားစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်မှာ တာဝန်ယူထားတာဟာ ကျနော်တို့ နှစ်နိုင်ငံ ကုန်သွယ်ရေးကို ဘယ်လိုမျိုး အပြုသဘော စသဖြင့်ပေါ့လေ။ အထောက်အကူဖြစ်သလဲဆိုတာ ဆက်လက်ရှင်းပြပေးပါ။ ဖြေ - ကျနော်တို့ ပို့ကုန်သွင်းကုန် ကြည့်မယ်ဆိုရင် တရုတ်ပြည်ဈေးကွက်က ကျနော်တို့နဲ့ အကြီးဆုံး ကုန်သွယ်ဘက် ဖြစ်ပါတယ်။ အထူးသဖြင့်တော့ သွင်းကုန်မှာ ရေကြောင်းဘက်က များပါတယ်။ တရားဝင်ပေါ့။  ပို့ကုန်ကတော့ သဘာဝ သယံဇာတဘက်က ရှိတော့ ရေနံဓာတု ရှိမယ်၊ အခြား တရားဝင်ပို့တဲ့ ဆန်တို့၊ ပဲတို့၊ ပြောင်းတို့၊ သစ်သီးဝလံတို့က အများအပြား တရုတ်ဈေးကွက်ကို မှီခိုနေရတယ်။ ကျနော်တို့ဘက်က သွားရင်လည်း တချို့ဘက်က မှောင်ခိုရှိတယ်။ ဒီလမ်းကြောင်းက သွင်းကုန်ရော၊ ပို့ကုန်ရော တရင်းမဝင် ကုန်သွယ်မှုက တော်တော်များပါတယ်။ ဒါကိုလည်း သက်ဆိုင်ရာ ယူနန်အစိုးရနဲ့သော်လည်းကောင်း၊ တရုတ်ပြည် ဗဟိုအစိုးရနဲ့ တွေ့ရင် ဆွေးနွေးပါတယ်။ သူတို့ကလည်း ဒီကိစ္စကို အလေးထားပါတယ်။ နောက်တခါ နှစ်ဖက် ရှည်လျားတဲ့ ယူနန်နယ်စပ်နဲ့ မြန်မာနယ်စပ်မှာ နှစ်ဖက် ပူးတွဲဇုန်တွေ ထောင်ဖြစ်မယ်ဆိုရင်တော့ တရားမဝင်ကုန်သွယ်မှုကလည်း လျော့နည်းသွားနိုင်ပါတယ်။ သူ့ဘက် ကိုယ့်ဘက် ကုန်သွယ်မှုကလည်း မျှတနိုင်ပါတယ်။ သို့သော် ဒီဒေသမှာလည်း အင်အားစုအမျိုးမျိုးရှိတော့ ငြိမ်းချမ်းမှုနဲ့ အေးချမ်းမှုက အရေးကြီးတော့ ဒါကိုလည်း တိုင်းရင်းသားစည်းလုံးရေး၊ အကျိုးရှိရေးနဲ့ အနှောင့်အယှက် လျော့နည်းရေးကလည်း ဇုန်တွေ ဖွံ့ဖြိုးတိုးတက်မှု လုပ်ဖို့ကလည်း အဓိကလိုအပ်ချက်တရပ် ဖြစ်နေပါတယ်။ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ မေး - မြန်မာနိုင်ငံမှာ အထူးစီးပွားရေးဇုန်ကြီး ၃ ခု ဖော်ဆောင်နေပါတယ်။ အဲဒါ ဗဟိုလုပ်ငန်းအဖွဲ့မှာလည်း ပြည်ထောင်စုဝန်ကြီးအနေနဲ့ တာဝန်ယူထားတယ်လို့ သိရပါတယ်။ အဲဒီလုပ်ငန်းအဖွဲ့ရဲ့ အခန်းကဏ္ဍအကြောင်း ရှင်းပြပေးပါဦး။ ဖြေ - အထူးစီးပွားရေးဇုန်များ ဗဟိုကော်မတီအဖွဲ့ ဖြစ်ပါတယ်။ ဒါလည်း အရင်အစိုးရ လက်ထက်က ဖွဲ့စည်းခဲ့တဲ့ ပုံစံပါပဲ။ ပေါ်လစီကိုင်တွယ်တဲ့ ဗဟိုအဖွဲ့မှာဆိုရင် ဒု-သမ္မတ ဦးဆောင်ပါတယ်။ ကျနော်က အတွင်းရေးမှူး ဖြစ်ပါတယ်။ စီနီယာဝန်ကြီးတွေ အများကြီး ပါပါတယ်။ သူ့အောက်မှာ ဗဟိုလုပ်ငန်းအဖွဲ့ ရှိပါတယ်။ ဗဟိုလုပ်ငန်းအဖွဲ့မှာ ကျနော်က ဥက္ကဋ္ဌလုပ်ပြီး ဒု-ဝန်ကြီးက ဒု-ဥက္ကဋ္ဌ ဖြစ်ပါတယ်။ ဒီမှာလည်း အတွင်းဝန်တွေလည်း ပါပါတယ်။ ဌာနဆိုင်ရာ အကြီးအကဲတွေ ပါတယ်။ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ၊ ပညာရှင်တွေ ပါပါတယ်။ သူ့အောက်မှာတော့ ဇုန်အလိုက် စီမံခန့်ခွဲရေးကော်မတီတွေ ရှိပါတယ်။ မေး - ဒီဇုန်တွေကို လေ့လာသိရှိရသလောက်ကတော့ ဒီဇုန် ၃ ခုထဲမှာ အောင်မြင်မှု အလားအလာ အကောင်းဆုံးက သီလဝါဇုန်ပေါ့။ အလားအလာ အနည်းဆုံးကတော့ ထားဝယ်စီးပွားရေးအထူးဇုန်လို့ ပြောနေကြပါတယ်။ ဘာကြောင့် သီလဝါက အောင်မြင်မှု ကောင်းမွန်ပြီး ထားဝယ်က အလားအလာနည်းနေတယ်လို့ ပြောဖို့ ဖြစ်လာရတာလဲခင်ဗျ။ ဖြေ - သီလဝါဇုန်ကတော့ ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှု အဓိက ပါပါတယ်။ အစိုးရဘက်က ရင်းနှီးမြှုပ်နှံမှု၊ ပုဂ္ဂလိက ကုမ္ပဏီ မြန်မာတိုင်းရင်းသားများရဲ့ ရင်းနှီးမြှုပ်နှံမှု သုံးဦးသုံးဖလှယ် လုပ်တဲ့အတွက်ကြောင့်မို့၊ သီလဝါဇုန်က ရန်ကုန်နဲ့လည်း နီးတယ်၊ အစကတည်းက ကြိုးစားပမ်းစား စနစ်တကျ ဆောင်ရွက်တဲ့အတွက်ကြောင့်မို့ အခက်အခဲ အများကြီးရှိပေမယ့် ဒီဇုန်က အောင်မြင်တဲ့ဇုန်ဖြစ်ပြီး အလားတူ အခြားဇုန်များအတွက် စံနမူနာကောင်း ဖြစ်နိုင်ပါတယ်။ ထားဝယ်အထူးစီးပွားရေးဇုန်ကလည်း ထိုင်း၊ မြန်မာ၊ ဂျပန် သုံးဦးသုံးဖလှယ် ညှိနှိုင်းဆောင်ရွက်ဖို့ ရှိပါတယ်။ ထိုင်းနဲ့ မြန်မာကတော့ ပူးတွဲကော်မတီတွေ ဖွဲ့ထားပြီးတော့၊ ထိုင်းမှာ တကြိမ်၊ မြန်မာမှာ တကြိမ် ဆွေးနွေးပြီးမှ ဂျပန်ကလည်း ပါမယ်လို့ ကတိပြုထားတော့ သုံးဦးသုံးဖလှယ် ထပ်ဆွေးနွေးပါမယ်။ ခု ထားဝယ်ဇုန်မှာ စတင်ဆောင်ရွက်ဖို့ဆိုပြီး ထားဝယ်နဲ့ ယိုးဒယားနယ်စပ်နဲ့ အဲဒီမှာ အီတာလျံထိုင်းကုမ္ပဏီက ဖောက်တဲ့ လမ်းကြောကို ကောင်းတာရှာပေးတော့ ထိုင်းက ကျနော်တို့ကို သက်သာချေးငွေနဲ့ ပေးတဲ့အခါကျတော့ စတင်လေ့လာပြီးတော့ မကြာခင် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ မေး - ဂျပန်က သီလဝါမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်အားထက်သန်မှု ရှိတယ်။ ထားဝယ်အထူးစီးပွားရေးဇုန်မှာတော့ သီလဝါလောက် တက်တက်ကြွကြွ မရှိလှဘူး။ ရင်းနှီးမြှုပ်နှံလိုတဲ့ ဆန္ဒမရှိဘူး။ ဒါကြောင့်မို့လို့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကိုတော့ ရှေ့မတိုးနိုင်ဘူးလို့ ကြားရတာ ရှိပါတယ်။ အဲဒါ ဟုတ်ပါသလား။ ဖြေ - ဒီလိုလည်း မဟုတ်ပါဘူး။ ဒီဇုန်နဲ့ပတ်သက်လို့ အမြင်အမျိုးမျိုးတော့ ရှိတာပေါ့။ ဂျပန်ဘက်ကလည်း လုပ်ငန်းရှင်များဘက်ကတော့ အမြင်အမျိုးမျိုး ရှိပါတယ်။ အရင်ကတည်းက ထိုင်း၊ ဂျပန်နဲ့ မြန်မာ သဘောတူထားတဲ့ကိစ္စဖြစ်လို့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီဇုန်ကလည်း ဒေသဖွံ့ဖြိုးရေးအတွက် အကျိုးရှိသလို ထိုင်းဘက်မှာရှိတဲ့ ဂျပန်လုပ်ငန်းရှင်တွေကလည်း ဒီဇုန်ကို မြန်မြန်ဖွင့်ချင်ပါတယ်။ ဂျပန်ကလည်း မြန်မြန်ဖွင့်ချင်ပါတယ်။ အခြေအနေကလည်း အရင်လို မဟုတ်ဘဲ ပြောင်းလဲသွားတော့ သုံးဦးသုံးဖလှယ် တိုးတက်ဖွံ့ဖြိုးမှုကို ညှိနှိုင်းပြီးတော့ အမြန်ဆုံး အကောင်အထည်ဖော်မယ်ဆိုတဲ့ ယူဆချက်၊ လုပ်ဆောင်ချက်တွေ ရှိပါတယ်။ မေး - ကျနော်တို့ထက် ရှေ့ကို အများကြီးရောက်နေတဲ့ တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံတောင်မှ အထူးစီးပွားရေးဇုန်တွေ လုပ်ပြီးတော့မှ စီးပွားရေး ဖွံ့ဖြိုးမှုဖြစ်အောင် role model လေးတွေဖြစ်အောင် လုပ်ခဲ့ကြတယ်လို့ ပြောကြပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံ စီးပွားရေးဇုန် သုံးခုကရော မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါလာနိုင်လိမ့်မယ်လို့ ဝန်ကြီးအနေနဲ့  အဲဒါမျိုး သုံးသပ်လို့ရပါလား ခင်ဗျ။ ဖြေ - ပါလာနိုင်ပါတယ်။ အခုဆိုရင် သီလဝါအထူးစီးပွားရေးဇုန်ဆိုရင် တော်တော်လေး အောင်မြင်နေတယ်။ မော်ဒယ်ကတော့ နိုင်ငံတကာအတွေ့အကြုံ ရှိသလို တဖက်ကလည်း ကိုယ့်တိုင်းပြည်ရဲ့ လုပ်ငန်းတွေ တော်တော်လေး အောင်မြင်နေတာ ရှိတဲ့အတွက် ဇုန်နှစ်ခုဖြစ်တဲ့ ထားဝယ်စီးပွားရေးဇုန်နဲ့ ကျောက်ဖြူစီးပွားရေးဇုန်လည်း အောင်မြင်မယ့်အလားအလာ ရှိတယ်။ သို့သော်လည်း ကျောက်ဖြူနဲ့ ထားဝယ်ဇုန်ရဲ့ ထူးခြားချက်က သီလဝါအထူးဇုန်နဲ့တော့ ခြားနားပါတယ်။ အများအားဖြင့်တော့ ထားဝယ်ကလည်း အဓိကကတော့ ထိုင်းဘက်ကလည်း အကျိုးရှိနိုင်ပါတယ်။ ကျနော်တို့လည်း အကျိုးရှိနိုင်ပါတယ်။ ကျောက်ဖြူကျတော့လည်း အင်မတန်ကြီးမားတဲ့ ဆိပ်ကမ်းနဲ့ စက်မှုဇုန် ဖြစ်တဲ့အတွက်ကြောင့် တရုတ်ဘက်က ယူနန်ဒေသနဲ့ တခြား ကုန်းတွင်းပိုင်းနိုင်ငံတွေနဲ့ ထွက်နိုင်တဲ့ ဂိတ်ပေါက်တခု ဖြစ်ပါတယ်။ တရုတ်ရဲ့ အကျိုးစီးပွားလည်းပါပြီး ရခိုင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း မျှမျှတတ အကျိုးရှိဖို့ ဆက်လုပ်သွားဖို့ ညှိနှိုင်းဆွေးနွေးထားတာ ရှိပါတယ်။ မေး - အခု ဆက်မေးချင်တဲ့ အကြောင်းအရာကတော့ ဒု-သမ္မတဦးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ Private Sector Development ကော်မတီပါ။ အဲဒီကော်မတီမှာ ပြည်ထောင်စုဝန်ကြီးလည်း တာဝန်ယူထားရတယ်လို့ သိရပါတယ်။ အဲဒီကော်မတီအကြောင်း ရှင်းပြပေးပါ။ အဲဒီကော်မတီက ဘယ်လိုမျိုး အလုပ်တာဝန်ဆောင်ရွက်ပြီးတော့ ဘာရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတာပါလဲ။ ဖြေ - ဒီကော်မတီရဲ့ Private Sector Development ဆိုတဲ့ Concept paper ကို ADB (အာရှဖွံ့ဖြိုးရေးဘဏ်) နဲ့ အရင်အစိုးရနဲ့ ပူးတွဲရေးဆွဲခဲ့တာ ရှိပါတယ်။ ကျနော်တို့ဆီကို ရောက်တဲ့အခါမှာ ဒါက ထုတ်ပြန်ပြီးပါပြီ။ ကဏ္ဍကြီး ၅ ရပ် ပါဝင်ပြီးတော့ ပုဂ္ဂလိက ကဏ္ဍဘက်က တိုးတက်ဖွံ့ဖြိုးအောင်ဆိုပြီးတော့။ ဥပမာ ကုန်သည်မှုဆိုင်ရာ ဥပဒေများ ချောမွေ့ရေး၊ အရင်းအနှီး တိုးတက်ရရှိရေး၊ ပုဂ္ဂလိက စွမ်းဆောင်ရည် တိုးတက်ရေးပေါ့ဗျာ။ သူတို့နဲ့ ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ ပါပါတယ်။ နောက် National Economics Strategy ဆိုတဲ့ စာတမ်းလည်းရှိတယ်။ အဲဒီစာတမ်းအရ စိုက်ပျိုးရေးနဲ့ ပို့ကုန်လုပ်ငန်းထဲမှာ အဓိက ဆန်၊ ပြောင်း၊ ပဲတို့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း ကဏ္ဍတခုပါတယ်။ ၅ ခုပေါ့လေ။ အဲဒီမှာ ဒု-သမ္မတ ၁ ဦးမြင့်ဆွေက ဦးဆောင်ပါတယ်။ ကျနော်ကတော့ ဒု-ဥက္ကဋ္ဌပါ။ စီးပွားကူးသန်းဝန်ကြီးဌာနက ဆုံချက်အနေနဲ့ ဆောင်ရွက်နေပါတယ်။ ကဏ္ဍကြီး ၅ ရပ်မှာလည်း ဆုံချက်အနေနဲ့ ဆောင်ရွက်ပါတယ်။ ဒု-သမ္မတ ဦးမြင့်ဆွေ ဦးဆောင်ပြီးတော့ ကုန်သည်စက်မှုလုပ်ငန်း အသင်းချုပ်မှာ လစဉ် ကုန်သည်လုပ်ငန်းများနဲ့ ဒေသဆိုင်ရာ ကုန်ထုတ်အဖွဲ့တွေနဲ့ လိုင်းပေါင်းစုံနဲ့ လစဉ်တွေ့တာ ရှိပါတယ်။ တွေ့ပြီး မေးမြန်းချက်တွေကို ကျနော်တို့တွေက လိုအပ်ချက်တွေ၊ မေးခွန်းတွေကို စုစည်းပြီးတော့ ဒါကို အစိုးရဌာနက လုပ်နိုင်၊ မလုပ်နိုင် သူတို့ကို အကြောင်းပြန်ရပါတယ်။ မေး - အဓိကရည်ရွယ်ချက်တော့ Private Sector ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးဖို့ဆိုတာ အားပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်ပေါ့။ အဲဒီမှာ ဖြည့်စွက်မေးချင်တာက ကျနော်တို့ နိုင်ငံရဲ့ Privatization ပေါ့။ ဟိုးအရင်တုန်းကတော့ ကျနော်တို့နိုင်ငံက ဆိုရှယ်လစ် စီးပွားရေးစနစ်ဆိုတော့ အားလုံးက နိုင်ငံပိုင်တွေချည်းပဲ။ Private Secoter မရှိသလောက်ပဲ။ တပ်မတော်အစိုးရ လက်ထက်မှာလည်း ဈေးကွက်စီးပွား စဖွင့်ဖို့ ကြိုးစားတယ်။ ပုံမကျပန်းမကျနဲ့ ဖြစ်ခဲ့တယ်လို့ ပြောကြတယ်။ နောက်ပိုင်းမှာ တကယ်ပုံကျလာတာက သမ္မတဦးသိန်းစိန် လက်ထက်မှာပေါ့လေ။ အခုတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အခုအစိုးရ လက်ထက်မှာကျတော့ လုပ်မယ်ဆိုရင် အရှိန်မြှင့်လုပ်ဆောင်ဖို့ အားကောင်းတဲ့ အခြေအနေလို့ မြင်ကြတယ်ပေါ့။ အခု နိုင်ငံမှာဖြစ်နေတဲ့ Privatization ပေါ့။ ပုဂ္ဂလိကကဏ္ဍ ပြောင်းလဲရေးကိစ္စတွေက နည်းမှန်လမ်းမှန်နဲ့ သွားနေပြီလို့ သုံးသပ်လို့ရမလား။ ဘယ်လိုအခြေအနေရှိမလဲ။ ဖြေ - ဒါလည်း ကျနော်တို့အစိုးရသစ်က ပြီးခဲ့တဲ့ အစိုးရအဆက်ဆက်က လုပ်ငန်းတွေ၊ လုပ်ငန်းလုပ်ထုံး နည်းဥပဒေတွေကို အမွေဆက်ခံရတာပါ။ တချို့လုပ်ငန်းတွေက ကောင်းမွေရှိသလို ဆိုးမွေလည်း ရှိပါတယ်။ SOE (State-owned enterprise) ဆိုတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေ အထူးသဖြင့် SOEC (အစိုးရပိုင်စီးပွားရေးကော်ပိုရေးရှင်း) တွေရဲ့ စက်ရုံ၊ အလုပ်ရုံတွေက ကုန်ထုတ်လုပ်မှုအနေနဲ့ အရှုံးပေါ်တယ်။ အမြတ်မရဘူးဆိုတဲ့ အပိုင်းတွေ ရှိခဲ့တယ်။ ဒါကို လွှတ်တော်ဘက်က ထောက်ပြပြီး ဒါကို တချို့စက်ရုံ အလုပ်ရုံတွေ၊ အရှုံးသိပ်ကြီးတဲ့စက်ရုံတွေ ရပ်ထားတာရှိပါတယ်။ ဒါကို ကျနော်တို့ ပြန်လည်ဆွေးနွေးနေပါတယ်။ အဲဒါ Privatization ပေါ့ ဘယ်လိုနည်းနဲ့ လုပ်မလဲ။ လုပ်နည်းလုပ်ဟန်တွေကတော့ အလွတ်ရောင်းမလား။ သို့မဟုတ် BOT ဆိုတာ လုပ်မလား။ Public Private Partnership (PPP) ပုံစံသွားမယ်ဆိုတာ ဒါကို ကျနော်တို့ ပြန်ဆွေးနွေးပြီးတော့ လေ့လာနေတာရှိပါတယ်။ စက်ရုံတခု၊ နှစ်ခု မကြာခင် တိုင်းပြည်ကို ကြေညာဖို့ ရှိပါတယ်။ မေး - နိုင်ငံပိုင်ဖြစ်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပုဂ္ဂလိကကဏ္ဍ လွှဲပြောင်းရေး ကူးပြောင်းရေးက တခုပေါ့နော်။ တချို့ကဏ္ဍတွေမှာကျတော့ ပုဂ္ဂလိကကို လမ်းဖွင့်ပေးတဲ့အချိန်မှာ ပုံမကျပန်းမကျတွေ ဖြစ်ခဲ့သလား။ ဥပမာတခု ထောက်ပြချင်တာက ကျနော်တို့နိုင်ငံက ထိုင်းနိုင်ငံလောက် စီးပွားရေးပမာဏ GDP က အရမ်းနည်းပါသေးတယ်။ ဒါပေမယ့် ကျနော်တို့နိုင်ငံမှာ ထိုင်းနိုင်ငံထက် ဘဏ်အရေအတွက် များတယ်။ ရလဒ်က ဘာဖြစ်လာလဲဆိုတော့ ကျနော်တို့နိုင်ငံမှာ ဝန်ဆောင်မှုတွေ သိပ်ကြီးနေတယ်။ ပြိုင်ဆိုင်မှုက မျှမျှတတ မဖြစ်ဘူး။ ဘဏ်အရေအတွက်သည် လိုအပ်တာထက် ပိုများနေသလားပေါ့။ အလားတူပဲ Air line တွေလည်း ကျနော်တို့နိုင်ငံသည် ထိုင်းနိုင်ငံထက် Ari line ပိုများပါတယ်။ ကျနော်တို့နိုင်ငံ Air line တွေက ကိုယ့်အချင်းချင်းလည်း မယှဉ်နိုင်ဘူး။ ဈေးက အရမ်းကြီးတယ်။ ရန်ကုန်ကနေ မန္တလေး ပျံသန်းမယ့် လေယာဉ်စရိတ်က တခါတခါ ဘန်ကောက်သွားတာထက် ပိုဈေးကြီးနေပါတယ်။ Private Sector ဖွင့်တော့ ဖွင့်ပေးလိုက်တယ်။ လိုအပ်တာထက် ပိုဖွင့်ပေးလိုက်တဲ့အတွက် အလွန်အကျွံဖြစ်နေတာမျိုးရော မရှိနိုင်ဘူးလား။ ဖြေ - အဲဒါ စိုးရိမ်စရာ ဆွေးနွေးချက်တွေ ရှိပါတယ်။ ဥပမာဆိုရင် မြန်မာပြည်မှာ ဘဏ်တွေများနေတယ်။ ပုဂ္ဂလိကဘဏ်တွေ များတဲ့အပြင် စွမ်းရည်တိုးတက်ဖို့ လိုအပ်နေတယ်လို့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ အဖွဲ့အစည်းကလည်း ပြောတာ၊ ထောက်ပြတာ ရှိပါတယ်။ ဒါကိုလည်း လက်ခံပါတယ်။ ပြဿနာက လက်ရှိ တည်ဆဲ Private ဘဏ်တွေကလည်း သူတို့ကို နိုင်ငံတကာက ကြည့်မယ်ဆိုရင် ကျနော်တို့ဘက်က အကာအကွယ်ပေးထားတဲ့သဘော ရှိပါတယ်။ ဒီသဘော မြင်ပါတယ်။ တဖက်က ဒီဘဏ်တွေ ပြုပြင်ပြောင်းလဲဖို့အတွက် အစိုးရက အတော်ကိုပဲ ပြင်းပြင်းထန်ထန် လုပ်နေတာ ရှိပါတယ်။ တခါတလေကျတော့ ဘဏ်တွေရှိပေမယ့် ဘဏ်ရဲ့ Concentration က မြို့ကြီးတွေမှာပဲ ရှိတယ်ဆိုတဲ့အခါကျတော့ ဘဏ်ကို မြို့ငယ်တွေအထိ သွားနေတဲ့ ဘဏ်က တခု၊ နှစ်ခုလောက်ပဲ ရှိတော့။ တချို့ ဒေသဆိုင်ရာလည်းပဲ ဘဏ်တွေ လိုအပ်တဲ့အတွက်ကြောင့် မကြာခင်က ထပ်ဖွင့်ပေးတာတွေ ရှိပါတယ်။ သို့သော်လည်း ဗဟိုဘဏ်အနေနဲ့သော်လည်းကောင်း၊ ပညာရှင်တွေနဲ့သော်လည်းကောင်း ဗဟိုဘဏ်ကတော့ အစိုးရဘက်နဲ့ညှိပြီး Private ဘဏ်များ တိုးတက်ဖွံ့ဖြိုးရေးအတွက်သော်လည်းကောင်း၊ နိုင်ငံတကာဘဏ်ခွဲတွေဘာတွေ ဖွင့်တာ ရှိပါတယ်။ သူတို့လည်း မြန်မာပြည်မှာ Financial Instrument ဆိုပြီး ဒါတွေ ပိုမိုရရှိအောင် ဆောင်ရွက်နေတာ ရှိပါတယ်။ ဒါလည်း နိုင်ငံတကာ ဘဏ်ခွဲအသီးသီးရှိတဲ့ ဘဏ်တွေနဲ့ မြန်မာပြည်တွင်းဘဏ်တွေနဲ့ ပြိုင်ဆိုင်ရတော့မှာ ဖြစ်တယ်။ မေး - အရင်သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တုန်းက နိုင်ငံခြားဘဏ်တွေ မြန်မာနိုင်ငံမှာလာပြီး ဘဏ်ခွဲဖွင့်ခွင့် ပေးတာကို ပြည်တွင်းဘဏ်တချို့က ကိုယ့်အမျိုးသားဘဏ်တွေကို ကာကွယ်သင့်တယ်ဆိုတဲ့ ရှုထောင့်ကနေ ကန့်ကွက်ခဲ့တာရှိတယ်လို့ ကျနော်တို့ ကြားသိရတာ ရှိပါတယ်။ အခု ဒီအစိုးရလက်ထက်မှာ နိုင်ငံခြားကဝင်လာတဲ့ ဘဏ်တွေကို ပြည်တွင်းဘဏ်တွေက ခုခံတာတို့၊ လက်မခံချင်တာတို့ အခုရော ရှိနေသေးလား။ ဖြေ - ရှိပါတယ်။ ပြည်တွင်းဘဏ်အချို့ကလည်း ဘဏ်ကြီးတွေပါ။ တချို့ကလည်း သူတို့တွေ နိုင်ငံခြားဘဏ်တွေနဲ့ ရှယ်ယာပါဝင်ပြီးမှ လုပ်ရင်တော့ နည်းပညာ Technology နဲ့ Financial တောင့်လာမယ်လို့ ပြောတာရှိပါတယ်။ တချို့ကျတော့လည်း နိုင်ငံခြားဘဏ်တွေ ဝင်လာရင် သူတို့ဘက်က ချေးငွေတို့၊  စွမ်းဆောင်ရည်အရ၊ Finanical အရ မယှဉ်ပြိုင်နိုင်ဘူး။ ယှဉ်ပြိုင်ဖို့ အားနည်းတယ်လို့ ထောက်ပြချက်တွေ ရှိပါတယ်။ ဒါတွေကတော့ ပြည်တွင်းမှာရှိတဲ့ ဘဏ်တွေကိုလည်း Institutional ကို တောင့်အောင်လုပ်ဖို့တော့ ဗဟိုဘဏ်နဲ့ အစိုးရနဲ့ ကြိုးစားနေတာ ရှိပါတယ်။ နိုင်ငံတကာဘဏ်ခွဲတွေ ရှိတော့လည်း ဘာပဲဖြစ်ဖြစ် ဒီဘဏ်ခွဲတွေက ပြည်တွင်းမှာ အကောင်းဆုံး အသုံးချနိုင်အောင် ကျနော်တို့ ဖွင့်ပေးတာ ရှိပါတယ်။ မေး - ကျနော်စပြီးမေးတဲ့ မေးခွန်းကို ပြန်ကောက်ချင်ပါတယ်။ Private Sector Development ကော်မတီအနေနဲ့ ဒု-သမ္မတ ၁ ဦးမြင့်ဆွေကိုယ်တိုင် ဦးဆောင်ပြီး လုပ်နေတဲ့ ကော်မတီပေါ့နော်၊ ပြည်ထောင်စုဝန်ကြီးလည်း  ဒီကော်မတီမှာ တာဝန်ယူထားတာပေါ့နော်။ ဒီကော်မတီရဲ့ ဦးဆောင်မှုအောက်မှာ Private Sector Development ကို တစုံတရာ မှန်ကန်တဲ့လမ်းကြောင်းဘက်ကို ရောက်အောင် ဦးတည်ပေးနိုင်လိမ့်မယ်လို့ ပြောလို့ရမလား။ ဖြေ - ဒီလိုအမြင်နဲ့လည်း ကြိုးစားတာပါ။ ကျနော်တို့က နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးရေးအတွက် အစိုးရတင်မကပဲနဲ့ ပေါ်လစီအရလည်း ဈေးကွက်စီးပွားရေးစနစ် ရှိရမယ်။ ပုဂ္ဂလိကလုပ်ငန်းရှင်များ ပါဝင်ဆောင်ရွက်တဲ့အမြင်နဲ့ လုပ်တဲ့အခါကျတော့ ဒီအမြင်နဲ့ ဆောင်ရွက်တာပါပဲ။ Private Sector ဆိုတာက အင်မတန်ကျယ်ပြန့်ပါတယ်။ ရှိသမျှ စီးပွားရေးပြဿနာ၊ Business ဖွံ့ဖြိုးမှုအတွက် ပြဿနာတွေက Private Sector မှာ လာရောက်စုပြုံပြီး လိုအပ်ချက်တွေ အများကြီးပါပဲ။ ပြုပြင်ပြောင်းလဲစရာလည်း အများကြီးပါပဲ။ ဒီမှာကျတော့ All Inclusive အနေနဲ့ ဒီကော်မတီကလည်း ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ပါပါတယ်။ ပညာရှင်တွေ ပါပါတယ်။ လစဉ်လည်း ဆွေးနွေးနေတာပါ။ ဆွေးနွေးတဲ့အခါကျတော့ Issue တွေကတော့ အမြဲတမ်း ပူးပေါင်းဖြေရှင်းနေပါတယ်။ ဖြေရှင်းစရာတွေတော့ အများကြီးပါ။ မေး - ကျနော်တို့ရဲ့ ဖွံ့ဖြိုးစီးပွားမိတ်ဖက်စကား အစီအစဉ်မှာ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို ကျနော် ဖိတ်ခေါ်စကားပြောတာရှိပါတယ်။ သူတို့ပြောတဲ့အထဲမှာ Public Private Partnership (PPP) ဟာ အရေးကြီးနေပြီပေါ့။ ကဏ္ဍအတော်များများမှာပေါ့။ ပညာရေးဆိုလည်း ဒီအတိုင်းပါပဲ။ ကျန်းမာရေးဆိုလည်း ပြောနေကြတယ်။ အစိုးရဘက်ကရော PPP အရေးပါမှုကို အသိအမှတ်ပြုပါသလား၊ ဘယ်လိုမျိုး ရှုမြင်ပါသလဲ။ ဖြေ - PPP ကို လက်ခံပါတယ်။ ခုဆို အထူးစီးပွားရေးဇုန်တွေဆိုရင် PPP ပုံစံလုပ်တာ ရှိပါတယ်။ တချို့ဝန်ကြီးဌာနအလိုက် ဖြေလျှော့မှုတွေနဲ့ မြေတွေကို PPP စနစ်၊ BOT စနစ်နဲ့ လုပ်နေတာ ရှိပါတယ်။ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်အရ တိုင်းနဲ့ပြည်နယ်တွေကို လုပ်ပိုင်ခွင့်တွေ ပိုပေးထားတဲ့အတွက်ကြောင့် တိုင်းနဲ့ပြည်နယ်မှာ အခုဆိုရင် သူတို့လုပ်ငန်းစဉ်အလိုက် သူတို့ဒေသရဲ့ Resources အရ လုပ်ကိုင်ဖို့ဆိုတာတွေက အတော်လေး စိတ်အားထက်သန်ပြီး စီစဉ်ဆောင်ရွက်နေတာ ရှိပါတယ်။ ဒါကို လုပ်တဲ့နေရာမှာလည်း ငွေကြေးနဲ့ နည်းပညာက အစိုးရ တခုတည်းလုပ်လို့မရဘူး။ အစိုးရက ပေါ်လစီပိုင်းနဲ့ စည်းမျဉ်းစည်းကမ်း ကိုင်ပြီးတော့ ငွေကြေးကတော့ ပုဂ္ဂလိကပါရင် ပိုကောင်းတယ်။ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေ လာမယ်ဆိုရင်လည်း ၁၀၀ ရာခိုင်နှုန်းဖြစ်ဖြစ်၊ ဖက်စပ်ဖြစ်ဖြစ်လုပ်ဖို့ အားပေးပါတယ်။ တိုးတက်ဖွံ့ဖြိုးပြီး အလားအလာကောင်းတွေ ရှိလာပါတယ်။ မေး - ဝန်ကြီးတာဝန်ယူထားရတဲ့ နောက်ထပ်ကော်မတီတခုပေါ့လေ၊ Trade & Business Promotion ကော်မတီရဲ့ လုပ်ငန်းဆောင်ရွက်ချက်အကြောင်း နည်းနည်းရှင်းပြပေးပါလား။ ဖြေ - Trade & Business Promotion ဆိုတာကတော့ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ ပင်မလုပ်ငန်းပါ။ ကုန်သွယ်ရေးလုပ်တဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေ၊ ကုန်သွယ်ရေးကို အထောက်အကူပြုတဲ့ လုပ်ငန်းတွေကို ဖွံ့ဖြိုးတိုးတက်ဖို့ပါပဲ။ တဖက်က ကုန်သွယ်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် တဖက်က Business တွေကလည်း ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်တဲ့အတွက် တဖက်က ရင်းနှီးမြှုပ်နှံသူရှိမယ်၊ ကုန်ထုတ်လုပ်မယ်။ ထုတ်တဲ့ပစ္စည်းကို Service ဖြစ်ဖြစ် Commodity ကုန်ပစ္စည်းဖြစ်ဖြစ် ရောင်းမယ်၊ ဝယ်မယ်၊ ကုန်သွယ်မှုရှိလာမယ်။ ဈေးကွက်မှာ စားသုံးသူရှိလာမယ်။ ကျနော်တို့ကတော့ ထုတ်လုပ်သူနဲ့ ရောင်းဝယ်သူကြားထဲမှာ ချိတ်ဆက်ပေးမယ်။ ရောင်းဝယ်သူနဲ့ Consumer ကြားမှာ ကျနော်တို့က ချိတ်ဆက်ပေးဖို့ပါ။ ရေရှည်ကျတော့ စီးပွားကူးသန်းဝန်ကြီးဌာနအနေနဲ့ ဥပဒေ၊ နည်းဥပဒေ၊ Regulation တွေ ကောင်းကောင်းဆွဲပြီးတော့ Operator ကနေ Regulator ပေါ့။ အခုလောလောဆယ် ကျနော်တို့က ပါမစ်တွေ ပေးရတယ်။ တချို့ဥပဒေတွေ ကျင့်သုံးပြီးတော့ ချုပ်ကိုင်တာ လုပ်ရတယ်။ တဖြည်းဖြည်း လျှော့ပြီးတော့ ရေရှည်ကျရင် ထုတ်လုပ်သူ၊ ရောင်းဝယ်သူ၊ စားသုံးသူ ဒီကြားထဲမှာ ကျနော်တို့က Regulator အနေနဲ့သော်လည်းကောင်း၊ Technical Assistant ပေးဖို့ ရည်ရွယ်ဆောင်ရွက်တဲ့အတွက်ကြောင့် အရေးကြီးတဲ့လုပ်ငန်းပါ။ ဒါကလည်း ပုဂ္ဂလိက၊ တခြားလုပ်ငန်းတွေနဲ့ ဆက်စပ်နေပါတယ်။ အင်မတန် အရေးပါတဲ့လုပ်ငန်း ဖြစ်တဲ့အတွက် ကျနော်တို့လည်း ကြိုးစားပမ်းစား နိုင်ငံတကာအဖွဲ့အစည်းတွေ အကြံဉာဏ်တွေ၊ ကူညီမှုတွေနဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ ကြိုးစားပမ်းစား ဆောင်ရွက်နေပါတယ်။ အောင်မြင်မှုလည်း ရနေပါတယ်။ မေး - ဒေါ်အောင်ဆန်းစုကြည်ရော သမ္မတကြီးရော ထုတ်ဖော်ပြာထားတာရှိပါတယ်။ ဒီနှစ်ပိုင်းမှာ မြန်မာနိုင်ငံ စီးပွားရေးကျတဲ့အတွက် ပြန်လည်ဦးမော့အောင် လုပ်ဖို့လိုတယ်လို့ ပြောတယ်။ တချို့ကိန်းဂဏန်းတွေကလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု၊ အရင်ကာလတခုနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အရင်က ၉ ဘီလီယံလောက် ရှိတယ်။ သမ္မတဦးသိန်းစိန် တာဝန်ယူခဲ့တဲ့ကာလက ၉ ဘီလီယံလောက် ရှိပြီးတော့ သမ္မတဦးထင်ကျော် တက်လာပြီးတဲ့နောက်ပိုင်းမှာ ၆ ဘီလီယံလောက်ထိ ကျသွားတယ်လို့ ပြောကြပါတယ်။ အဲဒါကလည်း အကြောင်းအမျိုးမျိုးပေါ့။ ကမ္ဘာကြီးမှာ အခု Trend ကလည်း ပြောင်းနေတယ်။ အခြေအနေ မျိုးစုံနဲ့ပေါ့လေ။ တိုက်ဆိုင်တာလည်း ဖြစ်နိုင်တယ်ပေါ့လေ။ အဲဒီလို အခြေအနေမျိုးမှာ ကုန်သွယ်ရေးမှာ Unbalance ဖြစ်နေသလားလို့။ ကျနော်တို့ဘက်က ပို့တာက နည်းပြီး သွင်းတာက များနေလားလို့။ အဲဒါမျိုးတွေနဲ့ ဆက်စပ်မှုတွေ ရှိနေနိုင်လား။ ဖြေ - ဝန်ကြီးဌာနအနေနဲ့ ပြောရမယ်ဆိုရင် ကျနော်တို့က Trade ပဲ ကိုင်ရတာပေါ့လေ။ ဒီ့ပြင် အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေက Trade နဲ့ Investment ကို တွဲကိုင်တာ ရှိပါတယ်။ ကျနော်တို့က Trade ပဲ ကိုင်ထားတာ ရှိတယ်။ Investment ကို တခြားဝန်ကြီးဌာနက ကိုင်တာရှိပါတယ်။ Trade ကို တခုတည်းကြည့်မယ်ဆိုရင်တော့ Trading ကတော့ ပြည်တွင်းမှာ ထုတ်လုပ်မှု အတော်အတန် တိုးတက်လာပါတယ်။ ပြည်တွင်းကုန်သွယ်ရေးမှာ တိုးတက်လာသလို နိုင်ငံတကာကုန်သွယ်ရေးမှာလည်း သွင်းကုန်ရော ပို့ကုန်ရော တိုးတက်လာတာ ရှိပါတယ်။ သို့သော်လည်း ဖွံ့ဖြိုးစနိုင်ငံ ဖြစ်တဲ့အတွက်ကြောင့် ဖွံ့ဖြိုးစနိုင်ငံ အများအပြားရဲ့ ပြဿနာလိုပါပဲ။ Trade ကတော့ unbalance ဖြစ်ပါတယ်။ ထုတ်ကုန် နည်းပြီးတော့ သွင်းကုန်က များနေပါတယ်။ ဒါကလည်း နိုင်ငံတော်အတော်များများရဲ့ ပြဿနာပါပဲ။ Trade မှာတော့ အတော်လေးကို တိုးတက်လာတာ၊ အလားအလာ ကောင်းလာပါတယ်။ ဥပမာဆိုရင် ကျနော်တို့က ဈေးကွက်သစ်တွေလည်း ပိုရထားတယ်။ ဆန်ဆိုရင်လည်း တန်ချိန် ၂ သန်းလောက် မူလပို့ဖို့ ရည်ရွယ်ထားပေမယ့် ၂ သန်းထက် ကျော်သွားပါပြီ။ ၂ သန်း ၅ သိန်းလောက်အထိ ပို့ဖို့ ရည်ရွယ်ထားပါတယ်။ Demand အရဆိုရင် ၃ သန်းလောက်အထိ ပို့လို့ရပါတယ်။ ဒါပေမယ့် ပြည်တွင်းရဲ့ နောင်နှစ်ခါ လက်ကျန်ဆိုတဲ့ စဉ်းစားမှုလေး ရှိပါတယ်။ ဈေးကွက်အသစ်တွေလည်း ပိုရပါတယ်။ Trade နဲ့ပတ်သက်လို့ ရင်ဆိုင်ရတဲ့ ပြဿနာရှိပါတယ်။ အထူးသဖြင့်တော့ လယ်ယာကဏ္ဍနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သီးနှံတွေကို အခြေခံပြီးထုတ်တာ ရှိတယ်။ စက်မှုဘက်ကလည်း အထည်ချုပ်လုပ်ငန်းကလည်း တော်တော်လေး တိုးတက်လာတော့၊ SMEs Sector တွေလည်း ရှိတာပေါ့။ ကျနော်တို့ ဈေးကွက်ကိုပို့တဲ့ ပစ္စည်းတွေက လယ်ယာကဏ္ဍက ပစ္စည်းတွေနဲ့ အချို့ စက်မှုလုပ်ငန်း ပစ္စည်းတွေက ထုတ်လုပ်မှုစရိတ် ကြီးနေတာ ရှိပါတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အရည်အသွေးလည်း လျော့နည်းတယ်။ Logestic ဆိုတဲ့ ဝယ်ယူမှု၊ သယ်ယူမှု၊ သိုလှောင်ဖြန့်ဖြူးမှု အပိုင်းကလည်း ကမ္ဘာမှာ ဈေးအကြီးဆုံးဖြစ်နေတော့ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်တဲ့နေရာမှာ အရည်အသွေးရော၊ ဈေးနှုန်းရော အားနည်းချက် ရှိပါတယ်။ မေး - အဲဒီလိုအခြေအနေတွေကို ပြောင်းလဲပစ်ဖို့အတွက် လုပ်ဆောင်ရမယ့် စီမံချက်တွေက ဘာတွေဖြစ်မလဲ။ အစိုးရ ဘယ်လို စီစဉ်ထားတာရှိလဲ။ ဖြေ - အစီအစဉ်ကတော့ နံပါတ် ၁ က Trade တိုးတက်ဖို့အတွက် အခြေခံအားဖြင့် ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှု တိုးတက်အောင်လုပ်ဖို့ ရှိပါတယ်။ ဒါကြောင့်လည်း New Investment Law အရ အသစ်ကဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပုံပေါ်လာအောင် ဖွင့်ပေးတာ ရှိတယ်။ ဒီဥပဒေမှာဆိုရင်လည်း တိုင်းရင်းသားနဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကို တူညီတဲ့အခွင့်အရေး ပေးထားတာရှိတယ်။ တိုင်းနဲ့ ပြည်နယ်မှာလည်း Locational ပိုမိုဖွင့်ပေးတာရှိတယ်။ နောက် လိုင်စင်စနစ်လည်း ဖြေလျှော့ပေးတော့  ရင်းနှီးမြှုပ်နှံမှု အတော်အတန်ဝင်လာလို့ ထုတ်လုပ်မှုများလာရင် တဖက်ကလည်း ဝန်ကြီးဌာနများအနေနဲ့ စိုက်ပျိုးရေး မွေးမြူရေးကလည်း တော်တော်လေး အလားအလာ ကောင်းပါတယ်။ နောက်တခုက စက်မှုဘက်မှာလည်း အခြေခံလိုအပ်တဲ့ လမ်းပန်း လျှပ်စစ်ရဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။ အသေးစား၊ အလတ်စားနဲ့ ကုန်ကြမ်းထုတ်တဲ့ လုပ်ငန်းတွေ ပေါင်းမယ်ဆိုရင်၊ အခုက အထူးသဖြင့် လယ်ယာကဏ္ဍ ပို့တဲ့ပစ္စည်းတွေက ကုန်ကြမ်းတွေပဲ ပို့စရာရှိတဲ့အတွက်ကြောင့် Value Added ဆိုတာ လုပ်မလား၊ ဒါမှမဟုတ် ကုန်ပစ္စည်းတမျိုးမျိုး မှီခိုတဲ့ အစားမှာ ကုန်ပစ္စည်းမျိုးစုံ လုပ်မလား။ နောက်တခုကလည်း ဈေးကွက်က ပို့ကုန်ရော သွင်းကုန်ရောမှာ တခုမဟုတ်တခု မှီခိုနေရတယ်။ တရုတ်၊ ထိုင်း၊ အိန္ဒိယတို့ကလည်း ကျယ်ပြန့်လာအောင် လုပ်ဖို့ရှိတဲ့အတွက် ဘက်ပေါင်းစုံကနေ လုပ်နေတဲ့ကိစ္စလည်း ဖြစ်တယ်။ အလားအလာကောင်းတွေ ရှိတယ်လို့ မျှော်မှန်းပါတယ်။ မေး - ကျနော်တို့နိုင်ငံနဲ့ ကုန်သွယ်မှုအများဆုံးလုပ်တဲ့ နိုင်ငံ ၃ နိုင်ငံ ပြောပြပါဆိုရင် ဘယ်နိုင်ငံ ပြောမလဲ။ ဖြေ - အများဆုံးကတော့ ထိုင်း၊ တရုတ်၊ အိန္ဒိယပေါ့။ Normal Trade, Regular Trade အပြင် Illicit Trade ပါ ထည့်ပြောရမယ့် သဘောပေါ့ဗျာ။ ဒီသုံးနိုင်ငံကတော့ အများဆုံးပေါ့။ ဒီနိုင်ငံတွေရဲ့ အပြောင်းအလဲ ဖြစ်ပေါ်မှုဟာ ကိုယ့်ရဲ့Trade လုပ်ငန်းပါ ထိခိုက်တာရှိတယ်။ ဥပမာဆိုရင် အိန္ဒိယဈေးကွက်ကို အားကိုးပြီး ပို့နေတဲ့ ပဲဈေးကွက်ကို မကြာသေးခင်က ပိတ်လိုက်တယ်။ စိုက်ပျိုးသူရော ကုန်သည်ရော ထိခိုက်နစ်နာတာ ရှိတယ်ပေါ့။ မေး - အခုအချိန်အထိ စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီး တာဝန်ယူပြီးတဲ့နောက်မှာ စွမ်းဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ အားရတာ၊ အားမရသေးတာ၊ ကျေနပ်တာ၊ မကျေနပ်တာ၊ အားသာချက်၊ အားနည်းချက် ဘယ်လို သုံးသပ်ပြပေးလို့ရမလဲခင်ဗျ။ ဖြေ - ကျနော်တို့မှာလည်း အားသာချက်နဲ့ အားနည်းချက်တွေ ရှိတာပေါ့။ ဒါတွေက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင် အားရဖွယ် ပိုရှိဖို့တော့ လိုတာပေါ့။ အားသာချက်ကတော့ စီးပွားကူးသန်းအနေနဲ့က ဈေးကွက်တွေ ရှာဖွေပေးနိုင်တယ်။ ဆန်တို့၊ အခြားသီးနှံတို့ပေါ့။ ဒါကတော့ အားသာချက်ပေါ့။ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပါဖို့ဆိုရင် ပုဂ္ဂလိကကဏ္ဍဖြစ်တဲ့ စက်မှုလက်မှုကုန်သည်ကြီးများ အသင်းချုပ်တို့၊ ပဲအသင်း၊ ဆန်အသင်း၊ နှမ်းအသင်း၊ တပြည်လုံး အသင်းတွေနဲ့ ကောင်းကောင်းချိတ်ဆက်နိုင်တယ်။ လိုအပ်တဲ့ ဥပဒေ၊ နည်းဥပဒေ ရေးဆွဲဖို့ဆိုရင် လေ့လာဆန်းစစ်မှုတွေ လုပ်နိုင်တယ်။ ကျနော်တို့မှာ မီဒီယမ်ထရိတ် ပရိုဂရမ်ဆိုတာ ရှိပါတယ်။ ဒါလည်း ကျနော်တို့ အကောင်အထည်ဖော်နေတာ ရှိတယ်။ Trade နဲ့ပတ်သက်ပြီးတော့ ကဏ္ဍကြီး ၆ ရပ် ဆောင်ရွက်သလို Trade Education၊ Trade Information အများဆုံး ပေးနိုင်ပါတယ်။ စီးပွားကူးသန်းဝန်ကြီးဌာနက Trade တင်မက အခြားပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးဖို့၊ တရုတ်-မြန်မာ နယ်စပ်ဖွံ့ဖြိုးရေးတို့ Focal Points တို့ လုပ်တဲ့အခါကျတော့ ကိုယ့်ဝန်ကြီးဌာနက စွမ်းဆောင်ရည်တက်အောင် လုပ်နေပါတယ်။ ရေရှည်ကျတော့ ဝန်ကြီးဌာနအနေနဲ့ Operator ဘဝကနေ Regulator ဘဝရောက်အောင် ဆောင်ရွက်ဖို့ ဝန်ကြီးဌာန ပြန်လည်ဖွဲ့စည်းဖို့လည်း ဆောင်ရွက်နေတာ ရှိပါတယ်။ ကျေးဇူးတင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024