ရေးမြို့တွင် မီးဖိုချောင် မီးကြွင်းမီးကျန်မှတဆင့် မီးလောင်ကျွမ်း
DVB
·
December 22, 2017
မွန်ပြည်နယ်၊ ရေးမြို့၊ ရေး-အစင်သွား ကားလမ်း အောင်မင်္ဂလာရပ်ကွက်ရှိ ဦးလှမြင့် သစ်စက်မှာ ဒီဇင်ဘာ ၂၁ ရက် ညနေပိုင်းက မီးဖိုချောင် မီးကြွင်းမီးကျန်ကနေတဆင့် မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဦးစီးမှူး ဦးသန်းထိုက်က ပြောပါတယ်။
မီးလောင်မှုဖြစ်ပွားရာကို မီးသတ်တပ်ဖွဲ့ဝင် အင်အား ၅၀ လောက် မီးသတ်ယာဉ်၊ ပုဂ္ဂလိကရေသယ်ယာဉ်နဲ့ နယ်မြေခံတပ်ရင်းမှ ရေသယ်ယာဉ်အပါအဝင် စုစုပေါင်း ၁၀ စီးနဲ့ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
၁ ထပ်သစ်စက်၊ စားသောက်ဆိုင် မီးဖိုချောင်နဲ့ အိမ်အပေါ်ထပ်ပါ မီးကူးစက်လောင်ကျွမ်းခဲ့လို့ ဆုံးရှုံးမှုတန်ဖိုး ၂၆ သိန်းကျော်လောက်ရှိတယ်လို့ သိရပါတယ်။
သစ်စက်ပိုင်ရှင် ဦးလှမြင့်ကို ရေးမြို့မရဲစခန်းက မီးပေါ့ဆမှု ပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - နေမျိုးထွဋ်