Home
မြန်မာသတင်း
တအာင်းရုံးသုံးစာ ပြည်သူအသိပေးပွဲနှင့် မီဒီယာတွေ့ဆုံပွဲကို လားရှိုးတွင် ပြုလုပ်
DVB
·
December 21, 2017
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ နယူးပဲလေ့ဟိုတယ်တွင် တအာင်းလူမျိုးတို့ အတည်ပြု သတ်မှတ်ထားတဲ့ တအာင်းရုံးသုံးစာ ပြည်သူ အသိပေးပွဲနဲ့ မီဒီယာတွေ့ဆုံပွဲကို ဒီကနေ့ နေ့လယ် ကျင်းပပြုလုပ်ခဲ့ပါတယ်။ တအာင်းစာ​ပေ ​ကော်​မရှင်​အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းဝက “အခု တအာင်းမှာ အနွယ်တွေ အများကြီး ဖြစ်နေတဲ့အတွက် တသံတည်းဖြစ်အောင် ပထမဆုံးအနေနဲ့ အများသုံးတဲ့ အသံကို ရအောင်လုပ်ပြီး ဒီဘုံရုံးသုံးစာကို အတည်ပြု ဆုံးဖြတ်ခဲ့တယ်။ အဲဒါကို ပြည်သူတွေအားလုံး သိအောင် မီဒီယာတွေကို ဖိတ်ပြီးတော့ အတည်ပြုပေးတဲ့ပွဲ ဖြစ်တယ်”လို့ ပြောပါတယ်။ လက်ရှိ တအာင်းမှာ အနွယ် ၁၃ မျိုးရှိပြီး ဘာသာစကားပေါင်း ၃ မျိုးအထိ ထွက်ရှိနေပြီး မည်သည့်က ရုံးသုံးစာ၊ မည်သည်က ဘုံစာ မကွဲမပြားဘဲ စာရေးသားရာမှာ အခက်တွေ့နေတာ ဖြစ်ပါတယ်​။ “အခု ဒီစာက တအာင်းအားလုံး နားလည်တဲ့စာ ဖြစ်မှာမို့ အဆင်ပြေပါလိမ့်မယ်။ ဒီစာ အတည်ပြုတဲ့ နေရာမှာ ကော်မရှင်အနွယ်မျိုးစုံလည်း ပါတယ်။ ရူစိင်၊ ဆာမ်လုံ၊ ရူမိုင်း၊ ရူကော စသည်ဖြင့် ပါကြတယ်။ စာပေကျွမ်းကျင်သူ၊ စာပေပညာရှင်တွေ၊ တအာင်း ရဟန်းသံဃာတော်များ ပါဝင်ကြတယ်။ ရှေ့ဆက်လုပ်ငန်းစဉ်ကတော့ ကျောင်းသုံးစာအုပ်တွေ ထုတ်မယ်။ ဆရာဖြစ်သင်တန်းကျောင်းတွေ ဖွင့်မယ်။ နိုင်ငံတော်က ဘတ်ဂျတ်တွေ ချပေးပြီး ဆရာ၊ ဆရာမတွေ ခန့်ပြီး သင်ကြားပေးသွားမယ်ဆိုရင် နောက်ဆယ်နှစ်လောက်ဆိုရင် လုပ်ငန်းအောင်မြင်သလောက် ရှိလိမ့်မယ်” လို့ ဦးထွန်းဝက ဆက်ပြောပါတယ်။ လက်ရှိ အတည်ပြုထားတဲ့ ရုံးသုံးစာကို မိုးကုတ်မှာ လာမယ့် ဒီဇင်ဘာ ၂၅ ရက်နေ့က ၂၉ ရက်နေ့အထိ ၄ နှစ် တကြိမ် ကျင်းပပြုလုပ်မယ့် တအာင်းစာပေနှင့် ယဉ်ကျေးမှုညီလာခံမှာ ပြည်သူတွေရှေ့မှာ ထပ်မံအတည်ပြုပေးသွားမယ်လို့ သိရပါတယ်​။ သတင်း - နိုင်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024