အခွန်ကောက်ခံမှု ဥပဒေကြမ်း အမေရိကန်အောက်လွှတ်တော် အတည်ပြု

1.6K
အပြီးသတ်ရေးဆွဲထားတဲ့ အမေရိကန် အခွန်ကောက်ခံမှု ဥပဒေကြမ်းကို ဒီဇင်ဘာ ၁၉ ရက်မှာ အောက်လွှတ်တော်က အတည်ပြုပေးလိုက်ပါတယ်။
နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးပြင်ဆင်တဲ့ အခွန်စနစ်ဖြစ်တဲ့ ဒီဥပဒေကြမ်းကို အောက်လွှတ်တော်က အတည်ပြုပြီးနောက် အထက်လွှတ်ေ်တ်ာမှာ မဲခွဲဆုံးဖြတ်မှာလည်း ဖြစ်ပါတယ်။
လွှတ်တော်နှစ်ရပ်က အတည်ပြုပေးခဲ့ပါက သမ္မတ လက်မှတ်ထိုးအပြီး ဒီဥပဒေကြမ်းဟာ အတည်ဖြစ်လာမှာပါ။
နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးပြင်ဆင်တဲ့ အခွန်ဥပဒေကြမ်းကို အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၂၂၇ မဲ၊ ကန့်ကွက်မဲ ၂၀၃ မဲနဲ့ အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။
အခုဥပဒေ အတည်ပြုခဲ့ပါက လာမယ့်နှစ်မှာ ဝင်ငွေအလယ်အလတ်ရှိတဲ့ အိမ်ထောင်စုတွေအတွက် ပျမ်းမျှ အခွန်လျှော့ချဖြတ်တောက်မှုဟာ အမေရိကန်ဒေါ်လာ ၉၀၀ ရှိမှာဖြစ်ပြီး အမေရိကန်လူဦးရေရဲ့ ၁ ရာခိုင်နှုန်းပဲရှိတဲ့ အချမ်းသာဆုံးလူတွေအတွက် ပျမ်းမျှ အခွန်လျှော့ချ ဖြတ်တောက်မှုဟာ အမေရိကန်ဒေါ်လာ ၅ သောင်း ၁ ထောင်ထိ ရှိမှာဖြစ်တယ်လို့ ဝါရှင်တန်အခြေစိုက် ပညာရှင်အဖွဲ့တဖွဲ့ဖြစ်တဲ့ Tax Policy Center က ပြောပါတယ်။
ဒီမိုကရက်တစ် လွှတ်တော်အမတ် ရစ်ချတ်နီးလ်က “သူတို့က ဒီအခွန်ဥပဒေဟာ ခရစ္စမတ်လက်ဆောက်ပါတဲ့။ သူတို့ ဘာလုပ်နေလဲဆိုတာ သိကြလားဗျ။ ဒီဥပဒေဟာ ခရစ္စမတ်အရက်နာကျတဲ့ အကြွေးဖြစ်မှာ။ အဲဒီအကြွေးတွေကို ခရက်ဒစ်ကတ်ထဲ ထည့်လိုက်မှာ ဖြစ်ပါတယ်။ နောက်ပြီး နိုင်ငံ့ကြွေးမြီစာရင်းထဲကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ထရီလီယံ ထပ်ထည့်လိုက်တာပဲဖြစ်ပါတယ်” လို့ ပြေပါတယ်။
အောက်လွှတ်တော် အမတ်နေရာအများစုရဲ့ ခေါင်းဆောင် စတိဗ် စကားလိုက်ဇ်ကတော့ “တဖက်ကလူတွေ ပြောတာကတော့ ငွေအားလုံး အမေရိကန်မှာပဲထား၊ စီးပွားရေးတိုးတက်မှုကို ဆက်ထိခိုက်နေပါစေ၊ အမေရိကန်တွေကို ပြိုင်ဆိုင်နိုင်စွမ်းကင်းမဲ့တဲ့ အခြေအနေမှာပဲ ဆက်ရှိနေလို့ ပြောနေတာပါ။ အမေရိကန်က အလုပ်အကိုင်တွေ နိုင်ငံခြားကို အကြိမ်ကြိမ်ထွက်ကုန်တာ ကျနော်တို့ တွေ့ရမှာပါ။ ကုမ္ပဏီကြီးတွေ၊ ထောင်နဲ့ချီတဲ့ အလုပ်အကိုင်တွေဟာ နိုင်ငံခြားကို ရောက်ကုန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့နိုင်ငံက စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေထဲမှာ ကော်ပိုရိတ်ခွန် အမြင့်ဆုံးကောက်တဲ့ နိုင်ငံဖြစ်နေလို့ပါ။ အခုချိန်ဟာ အဲဒီကိစ္စကို အဆုံးသတ်ရမယ့်အချိန်ပါ။ ဒီဥပဒေကြမ်းမှာ အဲဒီကိစ္စကို ကျနော်တို့ အဆုံးသတ်ထားပါတယ်။ နောက်ဆုံးတော့ ကျနော်တို့နိုင်ငံကို ပြိုင်ဆိုင်နိုင်စွမ်းရှိတဲ့နိုင်ငံ ပြန်ဖြစ်လာအောင် လုပ်နိုင်လိုက်ပါပြီ။ နိုင်ငံခြားကိုရောက်သွားတဲ့ အလုပ်အကိုင်တွေကို ပြန်ခေါ်လိုက်နိုင်ပါပြီ။ အမေရိကန်အိပ်မက်မှာ အခွင့်အလမ်းရလိုသူ လူအများစုအတွက် ဒီအခွင့်အရေးကို ဘာကြောင့်များ ငြင်းဆန်နေဦးမှာလဲ” လို့ ပြောပါတယ်။
“ဒီဥပဒေဟာ အလိမ်ကြီးဆိုတာ အမေရိကန်ပြည်သူတွေ သိပါတယ်။ ဒီဥပဒေကြမ်းဟာ ရရစားစား ပြည်သူတွေအတွက် အထောက်အကူဖြစ်မှာလား၊ လုံးဝမပြုပါဘူး။ ဒီဥပဒေဟာ အလုပ်အကိုင်တွေ ပြန်ရအောင် လုပ်ပေးနိုင်ပြီး လူလတ်တန်းစားကို မြှင့်တင်ပေးမှာလား။ လုံးဝပါပဲ။ ရဲတွေ၊ မီးသတ်သမားတွေ၊ သူနာပြုတွေ၊ ထရပ်ကားမောင်းသူတွေ၊ ကျောင်းသားတွေ၊ ကျောင်းဆရာတွေ၊ စစ်မှုထမ်းဟောင်းတွေ၊ အချိန်ပိုင်းအလုပ်သမားတွေရဲ့ ဘဝကို ပိုကောင်းအောင် လုပ်ပေးနိုင်သလား။ ဘယ်လိုမှ လုပ်မပေးနိုင်ပါဘူး။ ဒီဥပဒေ အထောက်အပံ့ပေးမှာက ကော်ပိုရိတ်လုပ်ငန်းကြီးတွေရဲ့ အထူးအကျိုးစီးပွားပါ။ အချမ်းသာဆုံး အမေရိကန်တွေကိုပါ။ ပြောရရင် ဒေါ်နယ်ထရမ့်ရဲ့ မိသားစုကိုပေါ့ဗျာ” လို့ ဒီမိုကရက်တစ် အောက်လွှတ်တော်အမတ် ဂျိုးဇက် ခရိုလေက ပြောကြားသွားပါတယ်။