စစ်တွေ-မောင်တောကားလမ်း လာမည့်နှစ်မတ်လတွင်စတင်အသုံးပြုနိုင်မည်
DVB
·
December 20, 2017
၉၅ မိုင် ရှည်လျားတဲ့ စစ်တွေ-မောင်တောကားလမ်းဖောက်လုပ်နေပြီး လာမယ့် ၂၀၁၈ ခုနှစ် မတ်လမှာ စတင်အသုံးပြုနိုင်မယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးကျော်လင်း က ပြောပါတယ်။
မောင်တောကားလမ်း ဖောက်လုပ်ရေးလုပ်ငန်းခွင်မှာရောက်နေတဲ့ ဒုဝန်ကြီး ဦးကျော်လင်း နဲ့ နိုင်ငံပိုင်သတင်းဌာနတို့ အင်တာဗျူးမှာ ပြောခဲ့တာဖြစ်ပြီး ကားလမ်းပေါ်ရှိ မြစ်ကူးတံတားကြီး ၅ စင်းကိုလည်း တပြိုင်ထဲ တည်ဆောက်နေတယ်လို့ ပြောပါတယ်။
စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောလမ်းကို အစိုးရသစ် လက်ထက်မှာ စတင်ဖောက်လုပ်တာဖြစ်ပြီး အရင်က မရှိခဲ့တဲ့ လမ်းသစ် ဖြစ်ပါတယ်။
ဒါ့အပြင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနဟာ မေယုတောင်အရှေ့အနောက် တောင်ကျော်ဖြတ်လမ်း ၄ ခု ဖောက်လုပ်ဖို့ရှိပြီး လက်ရှိမှာ ၂ခု စတင် ဖောက်လုပ်နေပြီ ဖြစ်ပါတယ်။
ဖောက်လုပ်နေတဲ့လမ်းတွေဟာ ၁၈ ပေခွဲအကျယ်ရှိ ကွန်ကရစ်လမ်းတွေဖြစ်ပြီး ၀န်ကြီးဌာနနဲ့ အေရှားဝေါကုမ္ပဏီတို့က တာဝန်ယူ ဖောက်လုပ်နေတာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အစိုးရအနေနဲ့ ဦးစားပေးလုပ်ဆောင်နေပြီး တချိန်ထဲမှာပဲ တိုင်းရင်းသားကျေးရွာသစ်တွေကိုလည်း တည်ဆောက်ပေးနေပါတယ်။