မုံရွာ-ကလေးဝ ယာကြီးလမ်း ကုန်တင်ယာဉ် တိမ်းမှောက်၊ ယာဉ်နောက်လိုက် သေဆုံး
DVB
·
December 20, 2017
ကနီမြို့နယ် မုံရွာ-ကလေးဝ ယာကြီးလမ်း မိုင်တိုင် (၅၀/၀) မှာ ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းက ကုန်တင်ကား ၁ စင်း တိမ်းမှောက်ရာမှ ယာဉ်နောက်လိုက်တဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
တိမ်းမှောက်ခဲ့တဲ့ ကုန်တင်ယာဉ်ဟာ ယာကြီးလမ်း ကုန်းအဆင်းမှာ အရှိန်မထိန်းနိုင်ဘဲ ပေ ၂၀၀ ကျော်အနက်ရှိတဲ့ ချောက်ထဲ ထိုးကျသွားခဲ့တာလို့ သိရပါတယ်။
“အလောင်းက အခုမနက်ပိုင်းအထိ ထုတ်မရသေးဘူး။ ကားခေါင်းနဲ့ ပိနေတာ။ ချောက်က နက်တော့ ကားကို ဆွဲမဖို့ရာ ကရိန်းက တစင်းနဲ့ မလောက်လို့ နောက်တစင်း ခေါ်ထားပါတယ်” လို့ ကယ်ဆယ်ရေး ဆောင်ရွက်နေသူ ဒေဝဂတိလူမှုရေးအသင်းမှ ကိုအောင်မိုးဝင်းက ပြောပါတယ်။
ကုန်တင်ကားဟာ မုံရွာမြို့ အောင်မင်္ဂလာရပ်ကွက်မှာ နေထိုင်သူ ဦးသန့်ဇင် မောင်းနှင်လာတဲ့ ယူဒီကောင်တာအမျိုးအစား ကုန်တင်ကားဖြစ်ပြီး အခုလို တိမ်းမှောက်ခဲ့တာကြောင့် ယာဉ်နောက်လိုက် ကိုထက်ထက်အောင် သေဆုံးသွားတာ ဖြစ်ပါတယ်။
အခုလို ယာဉ်တိမ်းမှောက် လူသေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ယာဉ်မောင်းဖြစ်သူ ဦးသန့်ဇင်ကို ကနီမြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄(က)/၃၃၈ နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - ရန်နိုင်စိုး