A d v e r t i s e m e n t With Us

မက္ကဆီကိုတွင် ဂျာနယ်လစ်တဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ဓာတ်ပုံ - ရိုက်တာ
မက္ကဆီကိုနိုင်ငံမှာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ရေးသားလေ့ရှိတဲ့ ဂျာနယ်လစ်တဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ ဒီဇင်ဘာ ၁၉ ရက်နေ့က မက္ကဆီကိုနိုင်ငံတောင်ပိုင်း ဗီရာခရုဇ်ပြည်နယ်မှာ အဲဒီလို အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ် ဂျာနယ်လစ် ဂူမာရိုပီရက်ဇ်ဟာ သားဖြစ်သူရဲ့ ခရစ္စမတ်ပွဲ ကျင်းပတဲ့ စာသင်ကျောင်းမှာ တက်ရောက်နေတုန်း သေနတ်လေးချက်ထိ ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသွားတာပါ။ ဂျာနယ်လစ်တွေ မကြာခဏ အသတ်ခံရလေ့ရှိတဲ့ မက္ကဆီကိုနိုင်ငံမှာ အခုနှစ်အတွင်း အသတ်ခံရသူ ဂျာနယ်လစ် ၂၀ ထိ ရှိသွားပြီ ဖြစ်ပါတယ်။ သေနတ်သမားဟာ ဂျာနယ်လစ် ပီရက်ဇ်ရဲ့ သားဖြစ်သူ ခရစ္စမတ်ပွဲ ကျင်းပတဲ့ အခန်းထဲကို ဝင်လာပြီး ပီရက်ဇ်ကို ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောကြားပါတယ်။ အခုနှစ်အတွင်း မီဒီယာလုပ်ငန်းမှာ အလုပ်လုပ်နေသူ ၆၅ ဦးထိ အသတ်ခံခဲ့ရပြီး အဲဒီထဲက လူ ၅၀ ဟာ ဂျာနယ်လစ်တွေဖြစ်တယ်လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ဒီဇင်ဘာ ၁၉ ရက်မှာ ပြောကြားပါတယ်။ နောက်ပြီး မက္ကဆီကိုနိုင်ငံဟာ ဂျာနယ်လစ်တွေအတွက် အန္တရာယ်အများဆုံး ဒေသတခု ဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်ကတည်းက မီဒီယာမှာ အလုပ်လုပ်သူ အနည်းဆုံး ၁၁၁ ဦး သေဆုံးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up