စစ်အာဏာရှင်စကားလုံး နယ်လုံဝန်ကြီး ကန့်ကွက်
သော်ဇင်မျိုး
·
December 20, 2017
စစ်အာဏာရှင်ဆိုတဲ့စကားလုံး လွှတ်တော်မေးခွန်းမှာထည့်သွင်းခဲ့လို့ ဒီနေ့ ကျင်းပတဲ့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်မှာ နယ်လုံဝန်ကြီး ကန့်ကွက်လိုက်ပါတယ်။
ဒီကကျင်းပတဲ့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ လေးမျက်နှာ မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်းက ရောနှော အရက်တွေနဲ့ များပြားနေတဲ့အရက်ဆိုင်တွေကိုထိန်းချုပ်ပေးဖို့ မေးခွန်းမေးမြန်းရာမှာ စစ်အာဏာရှင်လက်ထက်က အရက်ဆိုင်တွေအများအပြားချထားပေးခဲ့လို့ လူငယ်တွေ အတွက် ဆိုးကျိုးတွေသက်ရောက်နေတယ်လို့ သုံးနှုန်းခဲ့တာပါ။
အခုလို မေးခွန်းမှာ စစ်အာဏာရှင်ဆိုပြီး ထည့်သွင်းသုံးဆွဲခဲ့တာဟာ မေးခွန်းနဲ့ မသက်ဆိုင်တဲ့စကားလုံးဖြစ်ပြီး လွှတ်တော်ဥပဒေ နည်းဥပဒေနဲ့မညီလို့ စကားလုံးကို ပြင်ဆင်သုံးပေးဖို့ တိုင်းဒေသကြီး လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ကန့်ကွက်ခဲ့ပါတယ်။
လွှတ်တော်ဥက္ကဋ္ဌ ကတော့ မေးခွန်းနဲ့ပတ်သက်လို့ ပြန်လည်ညှိနှိုင်းပြီး နောက်တစ်နေ့ လွှတ်တော်အစည်းအဝေးမှာ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောကြားသွားပါတယ်။