မူဆယ်တွင်ကလေးများ မိုင်းဗုံးနှင့် ဆော့ရာမှ ပေါက်ကွဲ၍ ကလေး ၁ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ
နန်းမြနဒီ
·
December 20, 2017
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးပေါ်ကျေးရွာအုပ်စုထဲမှာ မနေ့ညနေပိုင်းက မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီး ကလေးတဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။
မူဆယ်ရဲစခန်း အရှေ့မြောက်ဘက် ၁၀ မိုင်ခန့်အကွာ မုံးပေါ် အ.ထ.က ကျောင်းခွဲမှ ကလေး ၅ ဦးဟာ ယမန်နေ့ ညနေ ကျောင်းဆင်းချိန်မှာ လမ်းဘေးက မိုင်းကို ကစားစရာအမှတ်နဲ့ ဆော့ကစားခဲ့လို့ ပေါက်ကွဲခဲ့တာလို့ မူဆယ်မြို့နယ်ရဲစခန်းမှ တာဝန်ကျရဲအုပ်ဇော်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ဆီကို သတင်းပို့ထားချက်အရတော့ ဖြစ်စဉ်မှာ ကလေးတွေက ကျောင်းပြန်ရင်းနဲ့ လမ်းမှာပေါ့နော်၊ မိုင်းတွေ့တော့ ကစားစရာလို့ ထင်တာနဲ့ ကျောက်ခဲနဲ့ ပေါက်လိုက်တာ အဲဒီမှာ ပေါက်ကွဲသွားတယ်။ ကလေးတယောက် ဆုံးတယ်၊ ၄ ယောက် ဒဏ်ရာရတယ်။ ကလေးတွေက ပထမတန်းကနေ တတိယတန်းအရွယ်ထိ ပါတယ်။ နာမည်နဲ့ အသက်တွေတော့ မသိရသေးဘူး။ ဒဏ်ရာရတဲ့ ကလေးတွေတော့ မူဆယ်ဆေးရုံကို ပို့လိုက်တယ်။ မစိုးရိမ်ရဘူးလို့ ပြောတာပဲ၊ အသေးစိတ်ကိုလည်း မသိရသေးပါဘူးခင်ဗျ။”
ဒီကိစ္စနဲ့ပတ်သက်ပြီး မူဆယ်မြို့နယ် ကရုဏာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက မူဆယ်ဆေးရုံမှာ တက်နေတဲ့ ကလေး ၄ ယောက်အနက် ၂ ယောက်မှာ ဒဏ်ရာနည်းနည်းကြီးလို့ သူတို့အသင်းပိုင်ကားနဲ့ မနေ့ညက လားရှိုးဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
“ မနေ့ည ၉ နာရီ မိနစ် ၂၀ လောက်မှာ မူဆယ်ဆေးရုံက အကူအညီတောင်းတဲ့အတွက် ကျနော်တို့အသင်းက ကားနဲ့ လားရှိုးဆေးရုံကို ကလေးလူနာ ၂ ယောက် ပို့လိုက်ပါတယ်ခင်ဗျ။ ကလေး ၂ ယောက်က ဒဏ်ရာနည်းနည်းပြင်းတယ်။ တယောက်က ဝမ်းဗိုက်မှာ၊ နောက်တယောက်က ဆီးခုံမှာ ဒဏ်ရာရတယ်။ မူဆယ်မှာ ကျန်ခဲ့တဲ့ ၂ ယောက်ကတော့ အခြေအနေ ကောင်းတယ်၊ အသက်အန္တရာယ်မရှိဘူးလို့ ပြောတယ်။”
သူတို့အသင်းက လားရှိုးဆေးရုံကို ပို့ဆောင်ပေးခဲ့တဲ့ ကလေး ၂ ယောက်မှာ မောင်တန်မိုင်း (၁၁ နှစ်) နဲ့ ခိုင်လင်းထွန်း (၁၂ နှစ်) တို့ဖြစ်ကြောင်း ကျန်တဲ့ သေဆုံး၊ ဒဏ်ရာရ ကလေးတွေရဲ့ နာမည်နဲ့ အသက်ကိုတော့ မသိရဘူးလို့ ဆိုပါတယ်။ သေဆုံးတဲ့ကလေးဟာ မိုင်းကို စတွေ့တဲ့သူဖြစ်ပြီး ခဲနဲ့ပေါက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီဒေသမှာ မနှစ်က မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ကျန်မိုင်းတွေကြောင့် ကျွဲ၊ နွားတွေလည်း မိုင်းနင်းမိတာတွေ ရှိခဲ့တယ်လို့ ဦးသောင်းထွန်းက ပြောပါတယ်။