မန္တလေးတွင် သံဃာအပါး ၂ သောင်းအား ဆွမ်းဆန်စိမ်းလောင်းလှူမည်
DVB
·
December 20, 2017
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးပြီး ထိုင်းနိုင်ငံ ဓမ္မကာယကျောင်းက မြန်မာနိုင်ငံမှ အလှူရှင်တွေနဲ့ ပူးပေါင်းကာ သံဃာတော်အပါး ၂ သောင်းကို စုပေါင်း ဆွမ်းဆန်စိမ်းလောင်းလှူဖို့ ရှိနေပါတယ်။
ဆွမ်းဆန်စိမ်းလောင်း လှူဒါန်းမှာနဲ့ ပတ်သက်ပြီး ဆရာတော်ဘုရားကြီးတွေထံမှ သြဝါဒခံယူပွဲကို ဒီဇင်ဘာ ၁၉ ရက်က မဟာမုနိဘုရားကြီး ပရိဝုဏ်အတွင်းရှိ မိုးကောင်းဓမ္မာရုံမှာ ကျင်းပပါတယ်။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဠဂုရု၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဒမ္မဇောတိက ဗန်းမော်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကုမာရဘိဝံသ မိန့်ကြားရာ သံဃာတော်တွေ များတဲ့အတွက် အလှူပစ္စည်း လောင်းလှူရာမှာ အချိန်ကြန့်ကြာမှု မရှိစေဖို့နဲ့ လှူဖွယ်ပစ္စည်းတွေကို သာတူညီမျှ လောင်းလှူပေးကြဖို့အတွက် သြဝါဒစကား မိန့်ကြားခဲ့ပါတယ်။
ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ၂၀၁၈ ဇန်နဝါရီ ၂၁ ရက် တနင်္ဂနွေနေ့ မနက် ၆ နာရီမှာ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ချမ်းမြသာစည်လေဆိပ်အတွင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီဆွမ်းဆန်စိမ်းလောင်းလှူပွဲဟာ မန္တလေးမြို့မှာ ဒုတိယအကြိမ် ကျင်းပတာလည်း ဖြစ်ပါတယ်။