မြန်မာသံရုံးဦးဆောင်သည့် အလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဖွဲ့စည်းပေးရန် တောင်းဆို
နန်းမြနဒီ
·
December 19, 2017
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဦးဆောင်တဲ့ အလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီကို ဖွဲ့စည်းပေးဖို့ ဘန်ကောက်ရောက် အလုပ်သမားပေါင်း ၈၀၀ ကျော်က ဒီဇင်ဘာ ၁၉ရက် မနက်က ဘန်ကောက်မြန်မာသံရုံးမှာ သွားရောက်တောင်းဆိုစာ ပေးပို့ခဲ့ကြပါတယ်။
ဘန်ကောက်မြန်မာသံရုံးမှာ အရင်လို အလုပ်သမားကူညီရေးအဖွဲ့ မရှိတော့တာကြောင့် အလုပ်သမားအရေးကို ကိုယ်ထူကိုယ်ထဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေအနေနဲ့ အကာ အကွယ်မဲ့နေလို့ လာရောက်တောင်းဆိုရတာလို့ အလုပ်သမားများကိုယ်စားလှယ် ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။
“ထိုင်းမှာအလုပ်သမားအရေးတွေကို ကျနော်တို့ အဖွဲ့တွေ မျက်နှာငယ်စွာနဲ့ လုပ်နေရတယ်။ ကျနော်တို့လို ကိုယ်ထူကိုယ်ထအဖွဲ့တွေအနေနဲ့ အရင်ကသံအ မတ်ကြီးရဲ့လက်အောက်မှာ လုပ်ခဲ့ရတာငြိမ်းချမ်းတယ်။ ကျနော်တို့အေးဆေးလုပ်နိုင်တယ်။ ကျနော်တို့ ကျောထောက်နောက်ခံရှိတယ်။ ထိုင်းအာဏာပိုင်တွေ မစော်ကားရဲဘူး။ သံရုံးက အလုပ်သမားကူညီရေးအဖွဲ့ဖျက်သိမ်းလိုက်တော့ ကျနော်တို့မှာ အခြေအနေဆိုးသွားတယ်။ အကာအကွယ်မဲ့သွားတယ်။ ”
အဆိုပါတောင်းဆိုစာကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာအလုပ်သမားဝန်ကြီး ဦးသိန်းဆွေတို့ထံ လိပ်မူပြီး တစ်စောင်စီပေးပို့ခဲ့ပါတယ်။
တောင်းဆိုစာကို မြန်မာသံအမတ်ကြီး ကိုယ်တိုင်လာရောက်လက်ခံပေးခဲ့ပြီး အလုပ်သမားတွေက သူတို့အခက်အခဲနဲ့ လိုလားချက်တွေကို ထပ်လောင်းပြောပြခဲ့ကြပါတယ်။
လာရောက်တောင်းဆိုတဲ့ အလုပ်သမားအများစုဟာ မကြာသေးခင်က ဖျက်သိမ်းလိုက်တဲ့ အေအေစီ အလုပ်သမားကူညီရေးမဟာမိတ်အဖွဲ့ကို ထောက်ခံသူတွေ အများစုပါဝင်တယ်လို့ သိရပါတယ်။