A d v e r t i s e m e n t With Us

ကုမ္ပဏီပျော်ပွဲရွှင်ပွဲတွင် အမျိုးသမီးဝန်ထမ်းအချင်းချင်း ပါးရိုက်စေခဲ့သည့်ရုပ်သံ နာမည်ကြီးနေ

ကုမ္ပဏီနှစ်ပတ်လည် ပျော်ပွဲရွှင်ပွဲ အခမ်းအနားမှာ ဝန်ထမ်းအမျိုးသမီးအချင်းချင်းကို အပြန်အလှန် ပါးရိုက်စေခိုင်းခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ်မှာ နာမည်ကြီးနေပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံမှာ ဖြစ်ခဲ့တာဖြစ်ပြီး အဲဒီကုမ္ပဏီဟာ အလှအပနဲ့ အသားအရည် ထိန်းသိမ်းရေး ထုတ်ကုန်တွေကို ထုတ်လုပ်တဲ့လုပ်ငန်း ဖြစ်တယ်လို့ မေရာသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ အပြန်အလှန် ပါးရိုက်နေကြတဲ့ ဝန်ထမ်းမိန်းကလေးတွေဟာ စတိတ်စင်ပေါ်မှာ ရှိနေခဲ့ကြကာ သူတို့နောက်မှာတော့ “စာနာစိတ်မရှိသောအသင်း” ဆိုတဲ့ စာတမ်းကို ရေးထိုးပြသထားခဲ့တာကို တွေ့ရပါတယ်။ ဒါဟာ အလုပ်ရှင်က တနှစ်ပတ်လုံး ရောင်းအားပစ်မှတ်ရောက်အောင်၊ ပြည့်မီအောင် လုပ်ဆောင်ပေးနိုင်စွမ်းမရှိတဲ့ အရောင်းဝန်ထမ်းတွေကို ဒဏ်ပေးခဲ့တာလို့ ဆိုပါတယ်။ ဒါဇင်နဲ့ချီတဲ့ ဝန်ထမ်းအမျိုးသမီးတွေဟာ စင်ပေါ်မှာ ဒူးထောက်ထားပြီး အပြန်အလှန် ပါးတွေရိုက်နေခဲ့ကြပြီး တခြားဝန်ထမ်းတွေက ရပ်တန့်ခိုင်းတဲ့အထိ ခုလိုအခြေအနေနဲ့ ရှိနေခဲ့ကြတာကို တွေ့ရပါတယ်။ ဒီအဖြစ်အပျက် ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက်မှာတော့ နာမည်ကြီးနေခဲ့ကာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၆ သန်းကျော် ရှိခဲ့ပါတယ်။ အင်တာနက်အသုံးပြုသူတွေကတော့ ပြင်းပြင်းထန်ထန် ဝေဖန်နေကြကာ ဒါဟာ ဝန်ထမ်း ညှဉ်းပန်းနှိပ်စက်မှုဖြစ်တယ်လို့ ပြောနေခဲ့ကြတာပါ။ ကုမ္ပဏီတာဝန်ရှိသူတဦးကတော့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဒါဟာ နှစ်ကုန် ပျော်ပွဲရွှင်ပွဲတခုမှာ ဖြစ်ခဲ့တာဖြစ်ပြီး ဝန်ထမ်းတွေရဲ့ ညီညွတ်မှုအတွက် ပြသခဲ့ကြတာလို့ ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရဲတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခြင်း ရှိမရှိ ဆိုတာကိုတော့ သတင်းမှာ မဖော်ပြထားပါဘူး။

A d v e r t i s e m e n t With Us

More News
Up