အမေရိကန်တွင် ရထားတစီးလမ်းချော်ပြီး အဝေးပြေးလမ်းမပေါ် ပြုတ်ကျ၊ အနည်းဆုံး ၃ ဦး သေဆုံး

ဓာတ်ပုံ - AFP/Getty Images
1.4K
အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်မှာ အမျိုးသား ခရီးသည်တင် ရထားကော်ပိုရေးရှင်း အမ်ထရက်ခ်ပိုင် ရထားတစီး ဒီဇင်ဘာ ၁၈ ရက်က လမ်းချော်ပြီး အဝေးပြေးလမ်းမကြီးပေါ် ပြုတ်ကျခဲ့လို့ အနည်းဆုံး လူ ၃ ဦး သေဆုံးပြီး ၁၀၀ လောက် ဒဏ်ရာရခဲ့ပါတယ်။
ရထားတွဲ ၁၄ တွဲမှာ ၁၃ တွဲ လမ်းချော်ခဲ့ပြီး အဲဒီ မတော်တဆမှုမှာ အဝေးပြေးလမ်းမပေါ်ရှိ မော်တော်ယာဉ် ၅ စီးနဲ့ ထရပ်ကား ၂ စီးတို့လည်း ပါဝင်ပါတယ်။
မော်တော်ယာဉ်မောင်းသူတွေ ဒဏ်ရာရခဲ့ပေမယ့် သေဆုံးသူမရှိဘူးလို့ အာဏာပိုင်တွေက ဆိုပါတယ်။
ဆီယက်တယ်တိုင်းမ်စ် သတင်းစာနဲ့ ဆီယက်တယ် တီဗွီသတင်းဌာန ကိုမိုကတော့ အရေးပေါ်ကယ်ဆယ်ရေး ဝန်ထမ်းတွေကို ကိုးကားပြီး ၆ ဦး သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ရထားလမ်းချော်မှုဟာ ဒူးပွန့်မြို့အနီး ဖြစ်ပွားခဲ့ပြီး ရထားပေါ်မှာ ခရီးသည် ၇၇ ဦးနဲ့ ရထားဝန်ထမ်း ၇ ဦး လိုက်ပါလာခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
ခရီးသည် ၇၇ ဦးကို မြို့နယ် ၂ ခုက ဆေးရုံတွေဆီ တင်ပို့ကုသပေးထားတယ်လို့ တာကိုမာအခြေစိုက် CHI ဖရန်စစ္စကံ ကျန်းမာရေးစောင့်ရှောက်မှု ကွန်ရက်က ကြေညာချက် ထုတ်ပြန်ပါတယ်။
လူနာ ၄ ဦးကတော့ ဒဏ်ရာ အပြင်းထန်ဆုံးဖြစ်လို့ အနီရောင်အဆင့် လူနာတွေအဖြစ် သတ်မှတ်ခံထားရပါတယ်။
ဥပဒေအာဏာတည်စေရေး အရာရှိတွေက ရထားလမ်းတလျှောက် လမ်းလျှောက် ဓာတ်ပုံရိုက်ရင်း စစ်ဆေးနေတာကိုလည်း တွေ့ရပါတယ်။
မီးရထားက တာကိုမာနဲ့ အိုလံပီယာ မြို့ ၂ မြို့ကြား လမ်းကြောင်းသစ်ကို စတင်ပြေးဆွဲတဲ့ ပထမနေ့မှာပဲ ဒေသစံတော်ချိန် မနက် ၇ နာရီခွဲလောက်မှာ လမ်းချော်ခဲ့တာပါ။
ဒီရထားလမ်းဟာ ခရီးသွားချိန်လျှော့ချရေး စီမံကိန်းရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ ပြည်နယ် သယ်ယူပို့ဆောင်ရေးဌာနက အောက်တိုဘာလတုန်းက သတင်းထုတ်ပြန်ထားပါတယ်။
ခရစ္စမတ် အားလပ်ရက်မတိုင်ခင် တပတ်အလို လူစည်ကားတဲ့ ခရီးသွားချိန်မှာ ရထားလမ်းချော်ရတာဟာ လမ်းကြောင်းပြောင်းခံရလို့ ဟုတ်မဟုတ် ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အမျိုးသား သယ်ယူပို့ဆောင်မှု ဘေးကင်းရေး ဘုတ်အဖွဲ့က စုံစမ်းစစ်ဆေးသူတွေကို ရထားလမ်းချော်ရာ နေရာဆီ စေလွှတ်ထားတယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့က တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ပြောခဲ့ပါတယ်။