Live
Home
ဆောင်းပါး
အမှန်တရား၊ သတင်းသမားနဲ့ ကြီးမားလာတဲ့ အန္တရာယ်
DVB
·
December 19, 2017
ဒီကနေ့ခေတ်ဟာ အိုင်တီလို့ခေါ်တဲ့ သတင်းနည်းပညာတွေ အံ့မခန်း တိုးတက်လာခဲ့လို့ ကမ္ဘာပြန့် ဖြစ်စဉ်အတွင်းမှာ နိုင်ငံအသီးသီးက ပြည်သူလူထုတွေဟာ ကမ္ဘာတဝန်းမှာ ဖြစ်ပွားနေတဲ့ အဖြစ်အပျက် အကောင်းအဆိုးတွေကို အချိန်တိုကလေးအတွင်း သိနိုင်လာခဲ့တဲ့ခေတ် ဖြစ်ပါတယ်။ သတင်းခေတ်လို့လည်း ခေါ်လာကြပါတယ်။ ဒစ်ဂျစ်တယ်လ် နည်းပညာကို သုံးစွဲနိုင်လာတဲ့အတွက် ကမ္ဘာတဝန်းကို သတင်းတွေ အလျင်အမြန် ပေးပို့နိုင်လာတဲ့အတွက် ကမ္ဘာ့မြောက်ဖျားက သတင်းကို တောင်ဖျားက ချက်ချင်းသိနိုင်သလို အရှေ့ဖျားက သတင်းကိုလည်း အနောက်ဖျားက ချက်ချင်းသိနိုင်လာတဲ့ခေတ် ကမ္ဘာပြန့်ခေတ်လို့လည်း ခေါ်တွင်နေပြီ ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်လ် နည်းပညာတွေ ဘယ်လိုပဲ ခေတ်မီတိုးတက်လာတယ်ပြောပြော သတင်းအချက်အလက်တွေကို ရယူကိုင်တွယ်ပေးပို့တဲ့ နေရာမှာတော့ လူသားတွေရဲ့ အခန်းကဏ္ဍကို ပစ်ပယ်လို့ မရသေးတာကတော့ သေချာပါတယ်။ အဲဒီအတွက် ကမ္ဘာတဝန်းမှာ အချိန်နဲ့အမျှ ဖြစ်ပျက်နေတဲ့ ဖြစ်ရပ်တွေကို သိနိုင်ဖို့ အဲဒီအဖြစ်အပျက် ဖြစ်ပျက်ရာနေရာကို သွားရောက်သတင်းရယူ၊ မှတ်တမ်းတင် စိစစ်ပြီး တင်ပြပေးမယ့်သူတွေ ရှိရပါမယ်။ အဲဒီလူတွေရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။ သူတို့တွေကတော့ ဂျာနယ်လစ်လို့ ခေါ်တဲ့ သတင်းသမားတွေပဲ ဖြစ်ပါတယ်။ သတင်းသမားတွေဟာ သတင်းအဖြစ်အပျက်တွေကို အမှန်အတိုင်း သိရှိအောင် ကြိုးစားရယူ၊ မှန်ကန်ကြောင်း အတည်ပြုလို့ရတာနဲ့ အများပြည်သူတွေ သိရှိအောင် တင်ပြပေးရတဲ့သူတွေ ဖြစ်ပါတယ်။ နိုင်ငံတိုင်းမှာရှိကြတဲ့ အစိုးရတွေနဲ့ အဲဒီနိုင်ငံတွေမှာ နေထိုင်ကြတဲ့ ပြည်သူလူထုတွေကို ပေါင်းကူးထိတွေ့ပေးတဲ့ သူတွေလို့လည်း စာနယ်ဇင်းပညာက ဆိုပါတယ်။ အစိုးရလုပ်ဆောင်ချက်တွေကို ပြည်သူတွေကို တင်ပြပေးရသလို ပြည်သူလူထုတွေရဲ့ အလိုဆန္ဒနဲ့ အခြေအနေတွေကိုလည်း အစိုးရတွေကို သိအောင် တင်ပြပေးကြရပါတယ်။ ဒါကြောင့်ပဲ နိုင်ငံတနိုင်ငံရဲ့ အဓိကမဏ္ဍိုင်ကြီးသုံးရပ်ဖြစ်တဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေးအပြင် အဲဒီမဏ္ဍိုင်ကြီးသုံးခု မှန်မှန်ကန်ကန် အလုပ်လုပ်ဖို့လည်း ချို့ယွင်းအားနည်းမှု ဖောက်ပြန်ပျက်စီးမှုတွေ ရှိလာရင် ဝေဖန်ထောက်ပြ ထိန်းကျောင်းပေးရတဲ့အတွက် စတုထ္ထမဏ္ဍိုင်အဖြစ် သတ်မှတ်လာခဲ့ကြရတာ ဖြစ်ပါတယ်။ အဲဒီစတုထ္ထမဏ္ဍိုင် မရှိရင် နိုင်ငံတနိုင်ငံအဖြစ် ရပ်တည်ဖို့ မဖြစ်နိုင်၊ မရနိုင်ပါဘူး။ ဒါကြောင့် အဲဒီမဏ္ဍိုင်ကြီးအတွက် လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ သတင်းသမားတွေဟာ အရေးကြီးသလို တာဝန်လည်း ကြီးမားပါတယ်။ သူတို့တွေကိုလည်း နိုင်ငံ့တာဝန် ထမ်းဆောင်နေတဲ့သူတွေအဖြစ် အသိအမှတ်ပြု တန်ဖိုးထားကြရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတချို့မှာ အဲဒီသတင်းသမားတွေ အသတ်ခံရ၊ ဖမ်းဆီးထောင်ချခံရ၊ အန္တရာယ်အမျိုးမျိုးနဲ့ ကြုံတွေ့နေရတာကို စိတ်မကောင်းစရာ ကြားနေ မြင်နေရပါတယ်။ နယူးယောက်အခြေစိုက် သတင်းသမားကာကွယ်ရေး ကော်မတီ (CPJ) အဖွဲ့ကြီးကတော့ ကမ္ဘာတဝန်းမှာ သတင်းသမား သတင်းအလုပ်ကို လုပ်ကိုင် ဆောင်ရွက်နေရင်း အစိုးရတွေရဲ့ အဖမ်းအဆီးခံထားရတဲ့ သတင်းသမားပေါင်း ၂၆၂ ယောက်ရှိနေပြီလို့ ဒီဇင်ဘာလ ၁ ရက်နေ့က အတည်ပြု ဖော်ပြလိုက်ပါတယ်။ လွန်ခဲ့တဲ့နှစ်က မှတ်တမ်းထက် ၃ ယောက် ပိုများလာတယ်လို့ ဆိုပါတယ်။ အခု ဒီဆောင်းပါး ရေးနေတဲ့အချိန်မှာ ထပ်ပြီး တိုးလာနေပြီလို့ ပြောရမှာပါပဲ။ ကမ္ဘာပေါ်မှာ သတင်းသမားတွေကို ဖမ်းဆီး ထောင်ချတဲ့ နေရာမှာ အများဆုံး စံချိန်တင်ထားတဲ့ နိုင်ငံကတော့ တူရကီနိုင်ငံပဲ ဖြစ်ပါတယ်။ ဖမ်းဆီးထောင်ချခံထားရတဲ့ သတင်းသမားတွေရဲ့ အရေအတွက်ရဲ့ တဝက်ဟာ တူရကီ၊ တရုတ်နဲ့ အီဂျစ်နိုင်ငံတွေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ တူရကီနိုင်ငံကတော့ ဖမ်းဆီးခံထားရတဲ့ သတင်းသမား အရေအတွက်ရဲ့ လေးပုံတပုံကျော် အရေအတွက်ဖြစ်တဲ့ ၇၃ ယောက်ကို ဖမ်းဆီးထားတာ ဖြစ်ပါတယ်။ စီပီဂျေရဲ့ အယ်ဒီတိုရီယယ် ဒါရိုက်တာဖြစ်တဲ့ အယ်လ်လာနာဘေဆာကတော့ “ကမ္ဘာတဝန်း သတင်းစာလွတ်လပ်ခွင့် ကပ်ဆိုက်တာကို နိုင်ငံတကာ လူ့အဖွဲ့အစည်းက ကိုင်တွယ်ဆောင်ရွက်ဖို့ စိတ်ပျက်စရာ ပျက်ယွင်းမှုကို ထင်ဟပ်တာပါပဲ” လို့ ပြောကြားခဲ့ပါတယ်။ စီပီဂျေက အထူးသဖြင့် အပြစ်တင်တာကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစ္စလာမ် အစွန်းရောက်ဝါဒအပေါ် အမျိုးသားရေးအစွဲ လေလုံးပစ်နေတာ၊ သတင်းမီဒီယာကို သတင်းလိမ်တွေ ထုတ်နေတယ်လို့ ပြောပြီး တူရကီသမ္မတ အာဒိုဂန်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တခြားသူတွေရဲ့ သတင်းမီဒီယာ နှိပ်ကွပ်မှုတွေကို အားပေးအားအားမြှောက် လုပ်နေတာကိုပါပဲ။ အမေရိကန်နိုင်ငံ အာရီဇိုးနား ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းကတောင် “ထရမ့် နားလည်ရမှာက သူ့ရဲ့ အန္တရာယ်ပေးနိုင်တဲ့ လေလုံးက သတင်းထောက်တွေကို ထောင်ချတာတွေနဲ့ အမှန်တရားကို အသံတိတ်သွားအောင်လုပ်ဖို့ ဖိနှိပ်အုပ်စိုးနေတဲ့ အစိုးရတွေကို အားပေးလိုက်သလို ဖြစ်သွားမှာကိုပဲ ဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချက်အလက်တွေထဲမှာ ဒီဇင်ဘာ ၁ ရက်နေ့က တညီတညွတ်တည်း အတည်ပြုခဲ့တဲ့ အချက်အလက်တွေသာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှု အက်ဥပဒေနဲ့ ဖမ်းဆီးအရေးယူခံခဲ့ရတဲ့ မြန်မာနိုင်ငံက ရိုက်တာသတင်းထောက် ၂ ယောက်ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ရင်ဆိုင်နေရတဲ့ ထောင်ဒဏ် ၁၄ နှစ်အထိ ပြစ်ဒဏ်ကျခံရနိုင်တဲ့ အမှုကိစ္စ မပါဝင်သေးလို့ပါပဲ။ အာဏာရှင်အစိုးရတွေက ဒီလို အမှန်တရားကို ဖော်ထုတ်ဖို့ သတင်းရယူ စုဆောင်းနေတဲ့ သတင်းထောက်တွေကို လုံးဝနှိပ်ကွပ် အလုပ်ဆက်မလုပ်ရဲအောင် လုပ်ဖို့အထိ အာဏာသုံး ဖိနှိပ်ဖို့ အချုပ်အခြာအာဏာဆိုတဲ့ စကားလုံးကို သုံးစွဲပြီး အတင့်ရဲ နှိပ်ကွပ်လာလို့ပဲ ဖြစ်ပါတယ်။ တကယ်တော့ နိုင်ငံတော်နဲ့ အချုပ်အခြာအာဏာဆိုတဲ့ စကားလုံးတွေကို တရားမဝင် အာဏာသိမ်း အစိုးရတွေက တွင်တွင်ကျယ်ကျယ် သုံးစွဲပြီး သူတို့ရဲ့ တရားမဝင်မှုကို နိုင်ငံတကာက ဝင်မစွက်နိုင်အောင် ဒိုင်းလို အသုံးပြုပြီး သူတို့ရဲ့ မတရားမှုနဲ့ ရာဇဝတ်မှုတွေကို ကာကွယ်နေကြတာ ဖြစ်တယ်ဆိုတာကို အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက သိနေပြီး ဖြစ်လို့ပါပဲ။ ARSA အကြမ်းဖက်သမားတွေကိုနှိမ်နင်းတဲ့ နယ်မြေရှင်းလင်းရေးအောက်မှာ လူမျိုးတုံးဖယ်ရှားမှုတွေ ရှိခဲ့တယ်ဆိုပြီး ကုလသမဂ္ဂကပြောနေတဲ့ ရခိုင်ပြည်နယ်ဖြစ်စဉ်နဲ့ ပတ်သက်လို့ ရိုက်တာသတင်းထောက် ၂ ယောက်ဟာ  အမှန်တရားတွေကို ဖော်ထုတ်ဖို့ ကြိုးစားနေတာဖြစ်တယ် ဆိုတာကို ကမ္ဘာ့နိုင်ငံကြီးတွေက  ချက်ချင်း သိမြင်နားလည် သဘောပေါက်လိုက်လို့ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ နာမည်တပ် တရားစွဲရအောင် ဘာတွေကများ နိုင်ငံတော်လျှို့ဝှက်ချက် ဖြစ်နေလို့ပါလဲ။ ရှင်းနေတဲ့အချက်က ရခိုင်မှာ မြန်မာ့တပ်မတော်က အကြီးအကျယ် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေကို ရယူဖို့ ကြိုးစားခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါဟာ အလွန်ကောက်ကျစ်စဉ်းလဲတဲ့  လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပါတယ်။ ပြောရရင်တော့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုကြီးတွေ မပေါက်ကြားရေးဟာ တပ်မတော် အာဏာပိုင်တွေရဲ့ အဓိကအရေးအကြီးဆုံး လိုအပ်မှု ဖြစ်နေတဲ့အတွက် နောက်ထပ် ရာဇဝတ်မှုတွေ ကျူးလွန်ပြီး နှုတ်ပိတ်ပစ်ဖို့ ကြိုးစားတာပဲ ဖြစ်တယ်ဆိုတာ နိုင်ငံတကာက ထင်းခနဲ မြင်ပြီးဖြစ်လို့ပါပဲ။ စီပီဂျေအဖွဲ့ကြီးက သတင်းသမား ဂျာနယ်လစ်ဆိုတာ လူထုရေးရာ ကိစ္စတွေနဲ့ ပတ်သက်တဲ့ သတင်းတွေ ဒါမှမဟုတ် ဝေဖန်ချက်တွေကို ပုံနှိပ်ဖော်ပြ၊ ဓာတ်ပုံမှတ်တမ်းပြု ရေဒီယိုနဲ့ အွန်လိုင်းမီဒီယာတွေကနေ တင်ပြနေသူတွေ ဖြစ်တယ်လို့ အဓိပ္ပာယ် သတ်မှတ်ထားပါတယ်။ အဲဒီလူတွေဟာ မတရားမှုတွေကို ကျူးလွန်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရာဇဝတ်မှုတွေကို မတရားလုယူထားတဲ့ နိုင်ငံရေးအာဏာကို သုံးပြီး ဖုံးဖိထားရင်း ကိုယ်ကျိုးစီးပွား အစုအပုံကို ကာကွယ်နေတဲ့သူတွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကတော့ စစ်အာဏာရှင် ခေါင်းဆောင်တွေက အဲဒီအာဏာနဲ့ စည်းစိမ်ဥစ္စာတွေကို ကာကွယ်ဖို့ နာမည်ကျော် မာဖီးယားဂိုဏ်းကြီးတဂိုဏ်း ပုံစံမျိုးနဲ့ ကာကွယ်နေတာကို နိုင်ငံတကာက နားခွက်က မီးတောက်နေကြပါပြီ။ မြန်မာနိုင်ငံက ကိုယ်ကျိုးစီးပွားအရ စစ်အာဏာရှင်တွေနဲ့ အကျိုးတူ ပေါင်းဖွဲ့ပြီး စီးပွားဖြစ်နေသူတွေ၊ နိုင်ငံရေး အချောင်သမားတွေနဲ့ နလပိန်းတုံးတွေကတော့ ခုထိ ဆက်ပြီး စစ်အုပ်စုကို ထောက်ခံနေကြဆဲ ဖြစ်ပါတယ်။ တိုင်းပြည်နဲ့ တကယ့်အဖိနှိပ်ခံ နင်းပြား ပြည်သူလူထုဘက်ကိုတော့ တချက်မျှ လှည့်မကြည့်လောက်အောက် အတ္တကြီးမားသူတွေ ဖြစ်ပါတယ်။ အဲဒီလိုလူမျိုးတွေနဲ့ အုပ်စုတွေအတွက်ကတော့ အမှန်တရားကို ရှာဖွေဖော်ထုတ်ဖို့ ကြိုးစားနေတဲ့ သတင်းသမားတွေဟာ သူတို့အတွက် အန္တရာယ်ကြီးမားတဲ့ ဆူးငြောင့်ခလုတ်တွေပဲ ဖြစ်နေမှာကတော့ အသေအချာပဲ ဖြစ်ပါတယ်။ မကြာခင်က ဖြစ်ပျက်ခဲ့တဲ့ ဒီဗွီဘီနဲ့ ဧရာဝတီ သတင်းထောက်တွေကို ဘယ်လိုမျှ မပတ်သက်တဲ့ ပုဒ်မ ၁၇(၁) နဲ့ တရားစွဲခဲ့တဲ့ကိစ္စ (နောက်ပိုင်းမှာ ဘယ်လိုမှ ဆက်စပ်လို့ မရနိုင်တာကို သိလို့ တပ်မတော် သိက္ခာမကျအောင် သဘောထားပဲ ကြီးပြသယောင်နဲ့ ပြန်ရုပ်သိမ်းပေးသွားခဲ့တာမျိုးတွေနဲ့) ခုရက်ပိုင်း မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်အရေး သတင်းယူနေတဲ့ ရိုက်တာသတင်းထောက် ၂ ယောက်ကို နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှု ဥပဒေဆိုတဲ့ ဥပဒေနဲ့ ဖမ်းဆီးပြီး ဘယ်မှာ ဖမ်းထားတယ် ဆိုတာတောင် မပြောနိုင်တဲ့ တရားဥပဒေစိုးမိုးရေးတွေကြောင့် ဆောင်းပါးနောက်ပိုင်းမှာ မြန်မာနိုင်ငံကိစ္စကကို ပြောမှဖြစ်မယ်ဆိုတဲ့ အတွေးကြောင့် ဒီဆောင်းပါးကို ထောင့်နည်းနည်း ပြောင်းရေးဖြစ်တာပါ။ တကယ်က နိုင်ငံတကာမှာ သတင်းသမားတွေ အန္တရာယ်ကပ်ဘေး သင့်နေကြပုံတွေကို တင်ပြလိုရင်း ဖြစ်ပါတယ်။       ။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024