A d v e r t i s e m e n t With Us

ဂါဇာကမ်းမြှောင်ရှိ ဟားမတ်စ် သင်တန်းပရိဝုဏ်ကို အစ္စရေးစစ်တပ် တိုက်ခိုက်

ဓာတ်ပုံ - ရိုက်တာ
အစ္စရေးစစ်တပ်က ဂါဇာကမ်းမြှောင်မှာရှိတဲ့ ဟားမတ်စ်တွေရဲ့ သင်တန်းပရိဝုဏ်ကို တိုက်ခိုက်ခဲ့တယ်လို့ ဒီဇင်ဘာ ၁၈ ရက်မှာ ပြောပါတယ်။ ဒါဟာ ပါလက်စတိုင်း နယ်မြေထဲကနေ ဒုံးကျည်နဲ့ပစ်ခတ်မှုအတွက် လက်တုံ့ပြန်တာလို့လည်း ပြောပါတယ်။ ဒီဇင်ဘာ ၆ ရက်နေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျေရုဆလင်မြို့ကို အစ္စရေးရဲ့ မြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း ပြောအပြီးမှာ အကြမ်းဖက်မှုတွေ ပြန်ထခဲ့တာပါ။ ညဘက် အပြန်အလှန် ပစ်ခတ်မှုအတွင်း ၂ ဖက်လုံးက အသေအပျောက်ကို မကြေညာကြသေးပါဘူး။ အမေရိကန် ဒု-သမ္မတ မိုက်ခ်ပန့်စ်က ဂါဇာကမ်းမြှောင်နဲ့ နယ်စပ်ချင်းထိနေကြတဲ့ အစ္စရေးနဲ့ အိမ်နီးချင်း အီဂျစ်တို့ဆီ လာရောက်လည်ပတ်မှု မတိုင်ခင် ရက်ပိုင်းအတွင်း ဖြစ်ပျက်နေတာပါ။ ဟားမတ်စ် အစ္စလာမ္မစ်အုပ်စုက ထိန်းချုပ်ထားတဲ့ ဂါဇာကမ်းမြှောင်က စစ်သွေးကြွတွေဟာ ကျန်ခဲ့တဲ့သီတင်း ၂ ပတ်အတွင်း အစ္စရေးတောင်ပိုင်းကို ဒုံးကျည်နဲ့ အကြိမ်ရေ တဒါဇင်ကျော် ပစ်ခတ်ခဲ့ပါတယ်။ ဒါဟာ ၂၀၁၄ ခုနှစ်က သီတင်းပတ် ၇ ပတ်ကြာ ဂါဇာစစ်ပွဲအပြီး အပြင်းထန်ဆုံး တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၇ ရက် နှောင်းပိုင်းက ပစ်ခတ်တဲ့ ဒုံးကျည် ၂ စီးအနက် တစီးက အစ္စရေးနယ်စပ်က ရပ်ကွက်ထဲမှာ ပေါက်ကွဲခဲ့ပြီး နောက်တစင်းကတော့ လေဟာပြင်ထဲမှာ ပေါက်ကွဲခဲ့တာပါ။ ဒီဇင်ဘာ ၁၈ ရက် အစောပိုင်းက ပစ်ခတ်တဲ့ ဒုံးကျည်ကတော့ ဂါဇာကမ်းမြှောင်ထဲမှာပဲ ကျရောက်ပေါက်ကွဲတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ အစ္စရေးရဲ့ တန်ပြန်ပစ်ခတ်မှုအတွင်း ဟားမတ်စ်တွေရဲ့ သင်တန်းစခန်းထဲက အဆောက်အဦ ၃ ခုကို ထိမှန်ခဲ့တယ်လို့လည်း အစ္စရေးစစ်တပ်က ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up