A d v e r t i s e m e n t With Us

အင်ဒိုနီးရှားရှိ မီးတောင် တောင်စောင်းတွင် မြေပြို၊ အနည်းဆုံး ၈ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းပေါ်က မေရာပီမီးတောင်ရဲ့ တောင်စောင်းမှာ ဒီဇင်ဘာ ၁၈ ရက်က မြေပြိုလို့ သဲနဲ့ ကျောက်တုံးတွေကို ရှာဖွေတူးဖော်တဲ့ မိုင်းလုပ်သား အနည်းဆုံး ၈ ဦး သေဆုံးပြီး တခြားလူ ၈ ဦး ဒဏ်ရာရတယ်လို့ ကပ်ဘေး လျော့ပါးသက်သာရေး အေဂျင်စီက ပြောပါတယ်။ မတ်စောက်တဲ့ ကမ်းပါးကနေ သဲတွေ၊ ကျောက်တုံးတွေကို တူးနေတဲ့ သတ္တုတွင်းလုပ်သားတွေ မြေပြိုတဲ့အထဲ ပါသွားခဲ့တာလို့ ကပ်ဘေးသက်သာရေး အေဂျင်စီ ပြောခွင့်ရ ဆူတိုပို ပါဝို နုဂရိုဟိုက ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။ မြေပြိုချိန် သတ္တုတွင်းမှာ အလုပ်လုပ်နေတဲ့ လုပ်သားအရေအတွက်ကို ရှင်းရှင်းလင်းလင်း မသိရလို့ မြေအောက်မြုပ်နေတဲ့ လုပ်သားတွေ ပိုရှိကောင်းရှိနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။ ဘေးသင့်သူတွေကို ရှာဖို့ စက်ကြီးတွေကိုလည်း ယိုဂရာကာတာမြို့ မြောက်ဘက် ၃၁ မိုင်အကွာ နေရာကို သယ်လာပါပြီ။ အင်ဒိုနီးရှားနိုင်ငံရဲ့ အစိတ်အပိုင်း အများအပြားမှာ သမားရိုးကျ သတ္တုတူးမှုအတွက် စည်းမျဉ်းစည်းကမ်းတွေ မရှိသလောက်နည်းလို့ ဘေးကင်းရေးစံချိန်တွေလည်း ညံ့ဖျင်းပါတယ်။ အရင်က ဒီနေရာမှာ မြေပြိုမှုတွေ ဖြစ်ဖူးပေမယ့် သတ္တုဆက်တူးနေခဲ့ကြတယ်လို့ နူဂရိုဟိက ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ပစိဖိတ် မီးကွင်းကြီးလို့ ခေါ်တဲ့ ကမ္ဘာ့ပြတ်ရွေ့ကြောပေါ်မှာ ရှိနေလို့ မီးတောင်ရှင် အလုံး ၁၃၀ နီးပါး ရှိနေပါတယ်။ ဂျာဗားကျွန်းအရှေ့ပိုင်းက ဘာလီကျွန်းပေါ်မှာရှိတဲ့ အာဂွန်မီးတောင်ကလည်း သီတင်းပတ်ချီ မီးခိုးတွေ၊ ပြာတွေ မှုတ်ထုတ်နေလို့ ခရီးသွားဒေသဆီလာတဲ့ လေကြောင်း ခရီးစဉ်တွေ အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up