ဖိလစ်ပိုင်နှင့် သြစတြေးလျ ကမ်းတက်တပ်ဖွဲ့ အတူတွဲ၍ မြို့ပြစစ်ဆင်ရေး လေ့ကျင့်

ဖိလစ်ပိုင် ကမ်းတက်တပ်ဖွဲ့ တပ်မဟာတခုဟာ သြစတြေးလျ ကမ်းတက်တပ်ဖွဲ့နဲ့အတူ ဒီဇင်ဘာ ၁၈ ရက်နေ့က မြို့ပြစစ်ဆင်ရေး အစီအစဉ်တခု လေ့ကျင့်ခဲ့ပါတယ်။
သင်တန်းအစီအစဉ်ကို ဇန်နဝါရီလထဲမှာ အပတ်စဉ်အသီးသီးက စစ်သည်တွေနဲ့ ပြန်စမှာဖြစ်ပြီး အစိုးရတရပ်ရပ်က မဟန့်တားမချင်း ဆက်လုပ်သွားမယ်လို့ သြစတြေးလျသံရုံးက ပြောပါတယ်။
ဖိလစ်ပိုင် ကမ်းတက်တပ်ဖွဲ့ တပ်မှူးချုပ် အယ်လ်ဗင် ပါရေနိုက "ကျနော်တို့ဟာ ရန်သူပုံစံ အသစ်နဲ့ စစ်ရေးအမျိုးအစား ပုံစံသစ်တွေကို တိုက်နေရလို့ ဒီသင်တန်းဟာ အင်မတန် အသုံးဝင်တယ်" လို့ ပြောပါတယ်။
အကြမ်းဖက်အုပ်စုတွေဟာ ဖိလစ်ပိုင်နဲ့ အရှေ့တောင်အာရှဒေသတွင်းကို ခြိမ်းခြောက်မှုသာမဟုတ်ဘဲ သြစတြေးလျရဲ့ အမျိုးသားလုံခြုံရေးကိုပါ ခြိမ်းခြောက်မှုဖြစ်တယ်၊ ဒါကြောင့် လိုအပ်သမျှကူညီဖို့ အရေးကြီးတယ်လို့ထင်ကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီးက ပြောပါတယ်။
မာရာဝီမြို့ကို အစ္စလာမ္မစ် စစ်သွေးကြွတွေလက်ကနေ ပြန်သိမ်းဖို့ ငါးလကြာ တိုက်ပွဲဝင်ခဲ့တဲ့ စစ်သားတွေဟာ မြို့ပြတိုက်ပွဲတွေနဲ့ အနီးကပ်တိုက်ပွဲ ဗျူဟာတွေကို သြစတြေးလျ ကာကွယ်ရေးတပ်က ပေးတဲ့ သင်တန်းအတွင်း လေ့ကျင့်မှာပါ။
အရာရှိတွေ၊ သတင်းထောက်တွေရှေ့မှာ တိုက်ခိုက်မှုပုံစံတူတွေကို သရုပ်ပြမှာလည်း ဖြစ်ပါတယ်။
အောက်တိုဘာလက ဖိလစ်ပိုင်တောင်ပိုင်း မာရာဝီမြို့ရဲ့ အစိတ်အပိုင်းတွေကို သြစတြေးလျ၊ တရုတ်နဲ့ အမေရိကန်နိုင်ငံတွေက စစ်ရေးအကူအညီတွေနဲ့အတူ အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေနဲ့ ပတ်သက်နေတဲ့ အုပ်စုတွေ လက်ထဲကနေ ပြန်သိမ်းပြီး အောင်ပွဲခံခဲ့ပါတယ်။
တိုက်ပွဲတွေအတွင်း ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို စုစည်းဖို့ သူလျှိုလေယာဉ် ၂ စီးကို သြစတြေးလျက ဖိလစ်ပိုင်ကို ငှားရမ်းခဲ့ပါတယ်။
အရှေ့တောင်အာရှ ဒေသအတွင်း အစ္စလာမ္မစ်တွေ ပြန့်ပွားမယ့် ဖြစ်နိုင်ချေကို ဟန့်တားဖို့ ဖိလစ်ပိုင်တပ်တွေကို မြို့ပြစစ်ဆင်ရေး သင်တန်းတွေ ပုံမှန်ပေးမယ်လို့လည်း သြစတြေးလျ အစိုးရက ကတိပြုခဲ့ပါတယ်။