မြန်မာ့အထည်ချုပ်လုပ်ငန်း ဦးမော့လာမည်ဟု အထည်ချုပ်လုပ်ငန်းအသင်း ပြော
DVB
·
April 23, 2012
ဥရောပသမဂ္ဂဘက်က မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းလိုက်မယ်ဆိုရင် မြန်မာ့အထည်ချုပ်လုပ်ငန်း ဦးမော့လာတော့မယ်လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက ပြောပါတယ်။
ဒီနေ့ညနေမှာ ဥရောပသမဂ္ဂက စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းဖို့ ရှိနေပြီး ပိတ်ဆို့မှုတွေ ဖယ်ရှားမယ့် အခြေအနေတွေ ရှိနေတာပါ။
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးမြင့်စိုးက “အခု ကျနော်တို့ ဂျပန်နဲ့ကိုရီးယားကို ကျနော်တို့ပို့နေတာ တောက်လျောက် တိုးတက်နေပါတယ်။ အဲတော့ ဥရောပဘက်ကလည်း ဂျီအက်စ်ပီ အထူးအခွင့်အရေးတွေ ပြန်ပြီးပေးမယ်ဆိုရင် ဈေးကွက် ပိုကျယ်ပြန့်လာမှာပေါ့။ ဈေးကွက်ကျယ်ပြန့်တာနဲ့အမျှ ပိုပြီးတော့ တိုးတက်မှုများလာမယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ များလာမယ်” လို့ ပြောပါတယ်။
ဖွံ့ဖြိုးမှုအနည်းဆုံး (LDC) နိုင်ငံတွေဟာ စက်မှုနိုင်ငံကြီးတွေက ပေးတဲ့ ပို့ကုန်ဆိုင်ရာ မျက်နှာသာပေးတဲ့ အထူးအခွင့်အရေး (ဂျီအက်စ်ပီ) ကို ရရှိကြပါတယ်။
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေတွေကြောင့် ဥရောပနိုင်ငံတွေက မြန်မာနိုင်ငံအတွက် ခွင့်ပြုထားတဲ့ အထူးအခွင့်အရေး (ဂျီအက်စ်ပီ)ကို ၁၉၉၇ ခုနှစ်မှာ ပိတ်ပင်ထားတာပါ။ အခု မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ထွန်း တိုးတက်မှုတွေကြောင့် မြန်မာအပေါ် ချမှတ်တဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဥရောပသမဂ္ဂက ဖယ်ရှားပေးဖို့ ရှိနေပါတယ်။
အီးယူက အထူးအခွင့်အရေးကို ရုပ်သိမ်းထားတဲ့အတွက် ပို့ကုန်အပေါ် အခွန် ၁၀ ရာခိုင်နှုန်းကနေ ၁၃ ရာခိုင်နှုန်းထိ ကောက်ခံနေတာကြောင့် မြန်မာ့ အထည်ချုပ်လုပ်ငန်းဟာ မထိုးဖောက်နိုင်ဘဲ ဖြစ်နေတယ်လို့ ဦးမြင့်စိုးက ပြောဆိုပါတယ်။
အခုလတ်တလောမှာ မြန်မာပြည် အခြေအနေတွေကြောင့် အထည်ချုပ် လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့ လာရောက်စုံစမ်းမှုတွေ တိုးများလာနေတယ်လို့ ဦးမြင့်စိုးက ပြောပါတယ်။
“ဈေးကွက်က ပိုကြီးသွားမှာပေါ့။ ပိုကျယ်ပြန့်သွားမှာပေါ့။ ကမ္ဘောဒီးယားတို့ လာအိုတို့မှာ လုပ်နေတဲ့ပုံစံမျိုး ဒီဘက်ကိုလည်း မျက်စိတွေ ကျနေကြတာ။ အခုတော့ လာနေကြတာ။ ဝင်မေးမြန်းတာတွေ လုပ်နေကြတာ။ ပိတ်ဆို့ ဒဏ်ခတ်တာ ရုပ်လိုက်ပြီးရင်တော့၊ ရုပ်မယ်လို့တော့ ပြောလိုက်ပြီးပြီ။ သူက အခွင့်အလမ်း လာရှာတာ။ စီးပွားရေးသမားကတော့ ဒီလိုပဲလုပ်ကြတာပဲ။ မဆိုးပါဘူး။ စိတ်ဝင်စားတဲ့လူတွေ များနေတယ်။ အခု အီတလီ၊ ဂျာမနီ၊ စပိန်၊ နယ်သာလန်၊ အစုံပါပဲ။ အင်္ဂလန်၊ အမေရိကန်ကတော့ ကျဲပါတယ်။ ယူအက်စ်က နည်းနည်း အချိန်ပေးရဦးမယ်” လို့ပြောပါတယ်။
မြန်မာ့အထည်ချုပ်ဈေးကွက်ဟာ ကနဦးပိုင်းက အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်ခန့်က မြန်မာ့အထည်ချုပ်ရဲ့ တဝက်ကျော်ဟာ အမေရိကန်ပြည်ထောင်စုကို တင်ပို့ခဲ့ပြီး မြန်မာ့အထည်ပို့ကုန် ၄၀ ရာခိုင်နှုန်းက ဥရောပသမဂ္ဂကို တင်ပို့ခဲ့တာဖြစ်ပါတယ်။ စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် အထည်ပို့ကုန်တွေဟာ ဂျပန်နဲ့ ကိုရီးယားဘက်ကို ဦးတည်ခဲ့ပါတယ်။
အမေရိကန်နဲ့အီးယူရဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုဟာ မြန်မာ့အထည်ချုပ်လုပ်ငန်းကို ထိခိုက်ခဲ့ပြီး ထောင်သောင်းချီတဲ့ မြန်မာအထည်ချုပ်လုပ်သားတွေဟာ လုပ်ခပိုမိုရရှိတဲ့ အိမ်နီးချင်းထိုင်းနိုင်ငံက အထည်ချုပ်စက်ရုံတွေမှာ လုပ်ကိုင်နေကြပါတယ်။