အမေရိကန်လေဆိပ် လျှပ်စစ်မီးပျက်ပြီး ခရီးသည်များသောင်တင်နေ

1.8K
အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ် အတ္တလန္တာ လေဆိပ်မှာ မနေ့ မွန်းလွဲပိုင်းက စပြီး ညနေထိ မီးပျက်လို့ မှောင်မဲနေတဲ့ လေဆိပ်ခန်းမတွေထဲမှာ ခရီးသည်တွေ သောင်တင်နေခဲ့ကြရပါတယ်။
နှစ်တနှစ်ရဲ့ ခရီးသွားသူ အများဆုံး သီတင်းပတ်တွေထဲကတပတ်မှာ ကမ္ဘာ့ လူအစည်ကားဆုံး လေဆိပ်ကြီး လျှပ်စစ်မီးပျက်အပြီး မီးပြန်လာလို့ သောင်တင်နေတဲ့ ခရီးသည်တွေ ပျော်ရွှင်နေခဲ့ကြတာပါ။
တနင်္ဂနွေ ညသန်းခေါင်နားနီးမှ လျှပ်စစ်မီး ပြန်ရခဲ့ပါတယ်။ ဒါပေမယ့် ထောင်နဲ့ချီတဲ့ ခရီးသည်တွေကတော့ တနင်္လာနေ့ထိ လေကြောင်းခရီးစဉ် ဖျက်သိမ်းတာကို ရင်ဆိုင်ခဲ့ရပါတယ်.
ဒယ်လ်တာ လေကြောင်းလိုင်းက တနင်္လာနေ့မှာ လေကြောင်းခရီးစဉ် ၃၀၀လောက်ကို ဖျက်သိမ်းခဲ့ရပြီး တနင်္ဂနွေနေ့ကတော့ လေကြောင်း ခရီးစဉ် ၉၀၀ လောက်ကို ဖျက်သိမ်းခဲ့ရ တာပါ။
ယူနိုက်တက် လေကြောင်းလိုင်းကလဲ တနင်္လာနေ့ထိ လေကြောင်းခရီးစဉ်တွေ ရွှေ့ဆိုင်းဖျက်သိမ်းတာ ဖြစ်နိုင်တယ်လို့ လူမှုကွန်ယက် ပေါ်မှာ သတိပေးထားပါတယ်။
လေဆိပ်မီးပျက်လို့ ပြည်ထောင်စုလေကြောင်း စီမံအုပ်ချုပ်ရေး ဌာနက အတ္တလန္တာကို ပျံမယ့် လေကြောင်းခရီးစဉ်တွေကိုလဲ ရပ်ဆိုင်းထားခဲ့ရပါတယ်။