အထူးစုံစမ်းရေးမှူးအား ရာထူးမှထုတ်ပယ်မည်မဟုတ်ဟု ထရမ့်ပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့အနေနဲ့ အထူးစုံစမ်းရေးမှူး ရောဘတ်မူလာကို ရာထူးကနေ ထုတ်ပစ်ဖို့ မစဉ်းစားပါဘူးလို့ ပြောကြားလိုက် ပါတယ်။
၂၀၁၆ သမ္မတ ရွေးကောက်ပွဲမှာ ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေး အဖွဲ့အသုံးပြုခဲ့တဲ့ အီးမေးလ်တွေကို ရောဘတ်မူလာ ကြည့်ရှုခွင့်ရသွားတာနဲ့ ပတ်သက်ပြီး မေးရာမှာတော့ သမ္မတ ထရမ့်က “အခြေအနေ မကောင်းပါဘူး။ အဲဒါကို မြင်တွေ့ရတာ စိတ်မကောင်းပါဘူး။ ကျနော့်လူတွေ စိတ်ပျက်ကုန်တယ်။ ကျနော်တို့ဟာ ရုရှားနဲ့ ပူးပေါင်းတာ မရှိပါဘူးလို့ ပြောထားတဲ့အတွက်ဒီအီးမေးလ်တွေမှာ ဘာရှိမှာလဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ရုရှားနဲ့ ပူးပေါင်းတာ မရှိဘူး။ အဲဒီလို ရောဘတ်မူလာ အီးမေးလ်တွေ ကြည့်ခွင့်ရသွားတာကို ရှေ့နေအတော်များများကတော့ အတော်လေး စိတ်မကောင်းဖြစ်မိပါတယ်” လို့ ပြောပါတယ်။
ရောဘတ်မူလာကို ရာထူးကနေ ထုတ်ပစ်ဖို့ စဉ်းစားနေလားဆိုတဲ့ မေးခွန်းကို ဖြေကြားရာမှာတော့ “ကျနော် မစဉ်းစားပါဘူး။ ဘာလဲ။ ခင်ဗျား အံ့အားသင့်သွားလား” လို့ သမ္မတ ထရမ့်က ဖြေကြားခဲ့ပါတယ်။
ရောဘတ်မူလာဟာ ၂၀၁၆ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ရုရှားဝင်ရောက် စွက်ဖက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေကို စုံစမ်းနေတဲ့ အထူးစုံစမ်းရေးမှူး ဖြစ်ပါတယ်။
မကြာသေးခင်ရက်တွေက ဒီမိုကရက်အမတ်တွေဟာ သမ္မတထရမ့်အနေနဲ့ ရောဘတ်မူလာကို ရာထူးကနေ ထုတ်ပစ်နိုင်တယ်ဆိုပြီး စိုးရိမ်ပူပန်မိတယ်လို့ ပြောကြားခဲ့ပါတယ်။