ချီလီသမ္မတ ရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်ပါတီ အနိုင်ရ

ချီလီသမ္မတ ရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ်ပါတီက သမ္မတဟောင်း စီဘတ်စီယံပစ်နေးရားက မျှော်လင့်ထားတာထက်မဲအရေအတွက်ပိုရပြီး အပြတ်အသတ်  အနိုင်ရသွားပါတယ်။ ကမ္ဘာ့ထိပ်တန်း ကြေးနီတင်ပို့တဲ့ ချီလီနိုင်ငံမှာ စီးပွားရေး ခုန်ပျံကျော်လွှား တိုးတက်စေဖို့ နဲ့ ပိုပြီး စီးပွားရေး လုပ်ရကိုင်ရလွယ်တဲ့ မူဝါဒတွေ ချမှတ်မယ်လို့လဲ  သူက ကတိပြုပြောပါတယ်။ သမ္မတဟောင်း ပစ်နေးရားက ၅၄ ဒသမ ၅၈ ရာခိုင်နှုန်းနဲ့ ရွေးကောက်ပွဲနိုင်ကြောင်း ချီလီ ရွေးကောက်ပွဲ အာဏာပိုင်တွေက မနေ့က ကြေညာလိုက်တာပါ။ ၁၉၉၀မှာ ချီလီနိုင်ငံ ဒီမိုကရေစီ ရပြီးတည်းက မဲအများဆုံးရတဲ့ သမ္မတ ဖြစ်လာခဲ့ပါတယ်။ ပစ်နေးရားဟာ မတ်လ၁၁ရက်နေ့မှာ သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုမှာပါ။ ပြိုင်ဘက် လက်ဝဲယိမ်း အလီဂျန်ဒရို ဂျိုလီယာကတော့ ၄၅ ဒသမ ၄၂ ရာခိုင်နှုန်း မဲရပြီး ရှုံးနိမ့်ခဲ့ ပါတယ်။ချီလီနိုင်ငံရေးကို အာဏာရှင်ပီနိုချေးခေတ် အဆုံးသတ်ပြီး ကတည်းက လွှမ်းမိုးခဲ့တဲ့ လက်ဝဲယိမ်း ညွန့်ပေါင်းတွေအတွက် အကြီးကျယ်ဆုံး ဆုံးရှုံးမှုလည်း ဖြစ်ခဲ့ပါတယ်။ ပစ်နေးရားကတော့ အစိုးရပိုင်သတ္ထုလုပ်ငန်းကို တည်ငြိမ်တဲ့ ရံပုံငွေ ထောက်ပံ့မယ်အပြင် အရင်အစိုးရ လက်ထက်က စီမံကိန်းတွေကို ပိတ်ဆို့ခဲ့တဲ့ ကြိုးနီစနစ် တွေကို ပယ်ဖျက်မယ်လို့လည်း ကတိပြုပါတယ်။ ချီလီကို ပါရီအခြေစိုက် ချမ်းသာတဲ့ နိုင်ငံများအဖွဲ့ OECD မှာ အဖွဲ့ဝင်နိုင်တဲ့ လက်တင် အမေရိက နိုင်ငံတွေထဲမှာ ပထမဆုံး ဖွံ့ဖြိုးပြီး နိုင်ငံဖြစ်လာအောင် လုပ်မယ်လို့လည်း ပစ်နေးရားက ကတိပြုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up