A d v e r t i s e m e n t With Us

အရှေ့ဂျေရုဆလင်တွင် သံရုံးဖွင့်ရန် တူရကီ အစိုးရစီစဉ်

တူရကီ အစိုးရဟာ အရှေ့ဂျေရုဆလင်မှာ သံရုံးဖွင့်ဖို့ ရည်ရွယ်ထားတယ်လို့ တူရကီ သမ္မတ တာယစ်အာဒိုဂံက  မနေ့က ပြောကြားလိုက်ပါတယ်။ အရှေ့ဂျေရုဆလင်ကို ပါလက်စတိုင်းတွေရဲ့ မြို့တော်အဖြစ် အသိအမှတ်ပြုရေး မွတ်စလင်ခေါင်းဆောင်တွေရဲ့ ထိပ်သီးညီလာခံမှာ ဦးဆောင် ဆော်သြအပြီး ရက်ပိုင်း အကြာမှာ ခုလိုပြောလိုက်တာပါ။ သံရုံးဖွင့်ဖို့ ဘယ်လိုလုပ်မယ်ဆိုတာကိုတော့ သူက ရှင်းရှင်းလင်းလင်း မပြောပါဘူး။ အစ္စရေးကတော့ ဂျေရုဆလင်တမြို့လုံးကို ထိန်းချုပ်ထားပြီး မခွဲခြားနိုင်တဲ့ မြို့တော်လို့ ခေါ်ဝေါ်ပါတယ်။ ပါလက်စတိုင်းတွေဟာ အနာဂတ်နိုင်ငံတော်ရဲ့ မြို့တော်အဖြစ် အရှေ့ဂျေရုဆလင်ကို လိုချင်နေတာပါ။ အစ္စရေးက ၁၉၆၇ စစ်ပွဲအတွင်း အရှေ့ဂျေရုဆလင်ကို သိမ်းပိုက်ခဲ့ပေမယ့် နိုင်ငံတကာကတော့ အစ္စရေးပိုင်နက်အဖြစ် အသိအမှတ် မပြုခဲ့ပါဘူး။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း ဒီဇင်ဘာ ၆ ရက်နေ့က ကြေညာအပြီး မွတ်စလင်နိုင်ငံတွေက ထိပ်သီး ညီလာခံ ကျင်းပ တုံ့ပြန်ခဲ့ပါတယ်။ ထရမ့်ရဲ့ ကြေညာချက်ဟာ ဆယ်စုနှစ်ချီ အမေရိကန်မူဝါဒကို ချိုးဖောက်တယ်၊ ဂျေရုဆလင်မြို့ အဆင့်အတန်း သတ်မှတ်ချက်ဟာ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းမှု ဆွေးနွေးရေးအပေါ် မူတည်ရမယ်လို့လည်း ပြောပါတယ်။ တူရကီမြို့တော်အန်ကာရာနဲ့ ကာဒစ်ရှ်မွတ်စလင်တွေ အဓိကနေထိုင်ရာ နိုင်ငံအရှေ့တောင်ပိုင်းက ဒီယာဘာကီယာ မြို့တွေမှာလည်း တနင်္ဂနွေနေ့က ထောင်နဲ့ချီတဲ့ လူတွေ ဆန္ဒပြပါတယ်။ ဂျူး၊ ခရစ်ယာန်နဲ့ မွတ်စလင် ဘာသာဝင်တွေ မြတ်နိုးတဲ့ ဂျေရုဆလင်မြို့ဟာ မွတ်စလင်တွေရဲ့ တတိယမြောက် အမြင့်မြတ်ဆုံး ဘာသာရေး နေရာပါ။ အနောက်ဘက် နံရံကတော့ ရေဟူဒီ ဘာသာဝင်တွေ မြတ်နိုးရာ နေရာ ဖြစ်ပါတယ်။ ဒီမြို့ဟာ ဆယ်စုနှစ်ချီနေတဲ့ အစ္စရေး ပါလက်စတိုင်း ပဋိပက္ခရဲ့ အချက်အခြာလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up