အသိမ်းခံရသည့်ရာဘာခြံကို ဖျက်ဆီးနေသဖြင့် တရားရုံးတင်ရန်ပြင်ဆင်
DVB
·
April 23, 2012
မွန်ပြည်နယ် ကျိုက်ထိုမြို့မှာ တပ်မတော်အစိုးရလက်ထက်တုန်းက ဧက ၁၀၀ ကျော် သိမ်းခံရတဲ့ ရာဘာခြံကို လတ်တလောမှာ မြေထိုးစက်နဲ့ ဝင်ရောက် ဖျက်ဆီးနေတဲ့အတွက် ခြံပိုင်ရှင်က တရားရုံးတင်ဖို့ ပြင်နေပါတယ်။
ဆယ်စုနှစ်တနှစ်ကျော် လုပ်ကိုင်ခဲ့ပြီးတော့ ၂၀၀၆ က စစ်တပ် အသိုင်းအဝန်းနဲ့ နီးစပ်တဲ့သူတွေက ခြံမြေတွေကို သိမ်းပိုက်ခဲ့ပါတယ်။ သိမ်းယူခဲ့တုန်းက တရားရုံးမှာ ရာဘာခြံပိုင်ရှင်က တရားရင်ဆိုင်ခဲ့ပြီး တရားရုံးက မြေစာရင်းနဲ့ ဆက်လက်ရှင်းလင်းဖို့ ဆုံးဖြတ်ပေးခဲ့တာ ဖြစ်ပြီး ဆုံးဖြတ်ချက် မပြီးပြတ်ခင်မှာ ခုလို လုပ်ဆောင်တာလို့ ခြံပိုင်ရှင် ဦးစောစိုးသန်းက ဆိုပါတယ်။
လတ်တလောမှာ ခြံတွေကို မြေထိုးစက်နဲ့ ဝင်ထိုးဖျက်ဆီးနေတဲ့အတွက် ထပ်မံ တရားရုံးတင်ဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ ရာဘာခြံပိုင်ရှင်က ပြောပါတယ်။ မွန်ပြည်နယ် အာဏာပိုင်တွေကိုလည်း ဒီကိစ္စ တင်ပြခဲ့တယ်လို့ သူက ပြောပါတယ်။
အရင်က တရားရုံးမှာ တရားရင်ဆိုင်ရာမှာ သိမ်းယူတဲ့သူတွေက အထောက်အထား မပြနိုင်ဘူးလို့ ခြံရှင် ဦးစောစိုးသန်းက ပြောပါတယ်။
ရာဘာခြံအသိမ်းခံရတာနဲ့ ပတ်သက်ပြီးတော့ ဦးစောစိုးသန်းက အခုလိုပြောပါတယ်။
“ဗိုလ်ချုပ်ညွန့်တင်က အဲဒီအချိန်က လယ်ဆည်ဝန်ကြီး၊ ဗိုလ်ချုပ်ညွန့်တင်နဲ့ ပတ်သက်တဲ့ သူ့ညီအကို ဗိုလ်ချုပ်ညွန့်တင် ညီ၊ ညီမ တယောက်ပါတယ်။ အစ်မတယောက် ပေါင်း ၃ ဦးကနေပြီးတော့ ကျိုက်ထိုမြေစာရင်း ဦးစီးမှူးနဲ့ညှိပြီးတော့ ၃၁၇ ဧက ထုတ်လိုက်တယ်။ ထုတ်တဲ့အချိန်မှာ ကျနော့်မြေတွေ ၁၁၄ ဧက ပါသွားတယ်။”
မြေခွန်တွေပေးဆောင်ခဲ့ပေမယ့် မြေစာရင်းရုံးက သေချာမစိစစ်ဘဲ ပလပ်မြေအဖြစ် လွယ်လွယ်ကူကူ သတ်မှတ်ပြီး ဗဟိုမြေလွတ်မြေရိုင်း လုပ်ထုံးအရ လုပ်ဆောင်ခဲ့တာဖြစ်လို့ အသိမ်းခံရတာလို့ ဦးစောစိုးသန်းက ဆိုပါတယ်။
သိမ်းယူခံရပြီးတဲ့နောက် ရာဘာစိုက်ခင်းတွေကို ပြုပြင်ထိန်းသိမ်းရင် တရားစွဲမယ်ဆိုတဲ့အတွက် မပြုပြင်ဘဲထားလို့ စိုက်ခင်းတွေလည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ပြောပါတယ်။
ဒီရာဘာခြံမြေသိမ်းယူတာနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ကိုဖိုးဖြူကတော့ အခုလို ပြောပါတယ်။
“ဒီလယ်ယာခြံမြေထဲမှာ အကျုံးဝင်တဲ့ ရာဘာခြံတွေကို လုပ်ပိုင်ခွင့် တရားဝင် စိုက်ပျိုးထုတ်လုပ်သူတွေကို ပေးထားပြီးသားဖြစ်တယ်။ အဲဒီလို ပေးထားပြီးသား ရာဘာခြံတွေ၊ အပင်တွေကို လယ်သမားတွေ ခြံစိုက်ပျိုးသူတွေက လက်ငုတ်လုပ်ကိုင်နေပါလျက်နဲ့ တိုင်းပြည်ကို အကျိုးပြုနေပါလျက်နဲ့ ဗိုလ်ချုပ်မိသားစုဝင်တွေ ကြီးပွားချမ်းသာရေးအတွက် သိမ်းလိုက်တယ်။ သိမ်းပြီးတော့ ပုဂ္ဂလိက အကျိုးစီးပွားအတွက်ကို လွှဲပြောင်းပေးလိုက်တယ်။ သာမန်အရပ်သား ပြည်သူပြည်သားတွေကတော့ သူတို့ရဲ့ လူမှုဘဝတွေက မပြောင်းလဲဘူး။ အာဏာပိုင်တွေရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ၊ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ မတော်မတရား မျက်နှာလိုက်မှုတွေ ငွေကြေးတွေနဲ့ ဖိအားပေးခံရမှုတွေကို နေ့စဉ်နဲ့အမျှ ပြည်သူတွေကြုံတွေ့နေရတုန်းပါ။”