Home
မြန်မာသတင်း
ညောင်ချောင်းသာကမ်းခြေ ခရစ်စမတ်နေ့တွင် စတင်ဖွင့်လှစ်မည်
DVB
·
December 18, 2017
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်ထဲမှာ ဖွင့်လှစ်ထားတဲ့ ညောင်ချောင်းသာ ကမ်းခြေကို ဒီဇင်ဘာ ၂၅ ရက်နေ့ ခရစ်စမတ်နေ့တွင် စတင်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ကနေ နေ့ချင်းပြန် သွားရောက်လည်ပတ်နိုင်တဲ့ ဗိုလ်မြတ်ထွန်းတံတားနဲ့ ညောင်တုန်းတံတားနားက သဲသောင်ပြင်ပေါ်မှာ ဖွင့်လှစ်မယ့် ညောင်ချောင်းသာ အပန်းဖြေ ကမ်းခြေမှာ ဒီနှစ်ဈေးဆိုင်ခန်း ၅၀ တည်ခင်းရောင်းချသွားမှာဖြစ်ပြီး ညအိပ်တည်းခိုလို့တော့ မရဘူလ်ု့ ညောင်တုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေဆီက သိရပါတယ်။ “ခရစ်စမတ်နေ့မှာစပြီး ဈေးဆိုင်ခန်းတွေတည်ခင်း ရောင်းချသွားမှာပါ။ ဈေးဆိုင်တွေမှာတော့ ဒေသထွက်ကုန်ပစ္စည်းတွေ စားသောက်ဖွယ်ရာတွေနဲ့ အမှတ်တရပစ္စည်းတွေ ရောင်းချသွားမှာ ပါ” လို့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ညောင်တုန်းမြို့နယ် ကိုယ်စားလှယ် ဒေါ်နီနီမိုးက ပြောပါတယ်။ ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးအတွက် အရင်နှစ်တွေက ညောင်တုန်းမြို့နယ် စည်ပင် သာယာရေးကော်မတီက အဓိက တာဝန်ယူခဲ့ပေမယ့် ဒီနှစ်မှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေ အုပ်ချုပ်ရေးအဖွဲ့တွေ ရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာတွေအပြင် ဥပဒေအရကူညီဆောင်ရွက်ပေးမယ့် ရှေ့နေများပါ ထည့်သွင်းဖွဲ့စည်းထားတယ်လို့ သိရပါတယ်။ “ကမ်းခြေကနေက အရင်က ဝါးတံတားနဲ့ ကူးရတယ် ခုရေသွင်း ရေထုတ်ပြွန်ကြီး နှစ်ချောင်းထည့်တည်ဆောက်တဲ့ မြေသားတံတားနဲ့ကားရောလူပါ အန္တရာယ်ကင်းစွာကမ်းခြေကို သွားနိုင်တယ်။ အပန်းဖြေသူတွေအတွက် သန့်ရှင်းစိတ်ချမ်းသာမှု့အတွက် အမှိုက်စွန့်ပစ်မှုကအစ လုံခြုံရေးအဆုံး အထူးကြိုးစားဆောင်ရွက်မှာဖြစ်တယ်”လို့ ညောင်တုန်းမြို့နယ် စည်ပင်သာယာရေးကော်မတီဝင် ဦးခင်မောင်အေးကပြောပါတယ်။ ညောင်ချောင်းသာကမ်းခြေဟာ ရန်ကုန်မြို့နဲ့နီးပြီး ရေချိုကူး အပန်းဖြေနိုင်တဲ့ အချက်တွေ ကြောင့် ခရီးသွားဧည့်သည်လာရောက်မှုနှစ်စဉ်များပြားနေပြီး ရရှိတဲ့အခွန်ငွေတွေကို ညောင်တုန်း မြို့နယ်သာယာလှပရေးအတွက် ပြန်လည်အသုံးပြုနေတယ်လို့ ညောင်တုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေဆီက သိရပါတယ်။ သတင်း - မြမင်းဦး(ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024