မွန်အမျိုးသားဒီမိုကရေစီပါတီက အမည်သစ်ဖြင့် မှတ်ပုံတင်မည်
နန်းမြနဒီ
·
April 23, 2012
၁၉၉၀ ရွေးကောက်ပွဲတုန်းက အနိုင်ရထားပြီး ဖျက်သိမ်းခံခဲ့ရတဲ့ မွန်အမျိုးသားဒီမိုကရေစီပါတီဟာ အမည်သစ်တခုနဲ့ မှတ်ပုံပြန်တင်တော့မယ်လို့ ပါတီခေါင်းဆောင်တွေက ပြောပါတယ်။
မွန်အမျိုးသား ဒီမိုကရေစီပါတီကနေ မွန်ဒီမိုကရေစီပါတီလို့ အမည်ပြောင်းလဲ မှတ်ပုံတင်မှာလို့ ပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာ မင်းစိုးလင်းက ပြောပါတယ်။
[caption id="attachment_20383" align="alignleft" width="300" caption="ဒေါက်တာ မင်းစိုးလင်း"][/caption]
ဒီလို အမည်ပြောင်းရတာဟာ မွန်ရဟန်းရှင်လူပြည်သူတွေက လိုလားနေကြတဲ့ မွန်နိုင်ငံရေးပါတီ ၂ ပါတီ ပူးပေါင်းရေး အတွက် ကြားခံနာမည်တခုရှိဖို့ ရည်ရွယ်တာလည်း ဖြစ်တယ်။
နိုင်ငံရေးလုပ်ပိုင်ခွင့်တွေ ရရှိဖို့ ဒီရက်ပိုင်းအတွင်း နေပြည်တော်မှာ သွားပြီး မှတ်ပုံတင်မယ်လို့ ဒေါက်တာ မင်းစိုးလင်းက ပြောပါတယ်။
“သံဃာတော်တွေက ညွှန်ကြားချက်ရှိတယ်လေ။ ပါတီ ၂ ခု ပေါင်းဖြစ်အောင် ကြား နာမည်ယူပါဆိုတော့ ကြားနာမည် တခုယူတယ်လေ။ လိုက်လျောပေးလိုက်တာပါ။ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ကို ဘယ်ဖျက်ချင်ပါ့မလဲ။ နှစ်ပေါင်း ၂၀ ကျော် အဲ့နာမည်နဲ့ လှုပ်ရှားခဲ့တာ။ မွန်အမျိုးသားအဖွဲ့ကနေ မွန်ဒီမိုကရေစီပါတီအနေနဲ့ ပြန်မှတ်ပုံတင်မှာပေါ့နော်။”
၁၉၉၀ ရွေးကောက်ပွဲဝင် မွန်အမျိုးသား ဒီမိုကရေစီပါတီနဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီတို့ဟာ တပါတီတည်းအဖြစ် ပေါင်းစည်းဖို့အတွက် မနှစ် နိုဝင်ဘာလကစပြီး မကြာခဏ ဆွေးနွေးလာခဲ့ကြပြီးနောက် ဧပြီ ၂၂ ရက် မွန်းလွဲပိုင်းမှာ ဆုံးဖြတ်ချက် ၄ ခု ချမှတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
“ဆုံးဖြတ်ချက် နံပါတ် (၁) မွန်အမျိုးသားဒီမိုကရေစီအဖွဲ့နဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ဟာ ပေါင်းစည်းရမယ်။ နံပတ် (၂) ပေါင်းစည်းရမယ့် အချိန်က ၂၀၁၄ ဒီဇင်ဘာ နောက်ဆုံးထား ပေါင်းစည်းရမယ်။ နံပတ် (၃) မပေါင်းစည်းခင်မှာ ပါတီ ၂ ခုဟာ တလတကြိမ် တွေ့ဆုံဆွေးနွေးသွားရမယ်။ (၄) ပေါင်းစည်းတဲ့အချိန်မှာ နာမည်သစ်တခုနဲ့ ပြန်လည်ဖွဲ့စည်းရမယ်။”
မော်လမြိုင်မြို့ သာသနာ ၂၅၀၀ မွန်ကျောင်းတိုက်မှာ တွေ့ဆုံခဲ့တဲ့ ဆွေးနွေးပွဲမှာ မွန် ၂ ပါတီက ကိုယ်စားလှယ်တွေအပြင် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တွေရော မွန်ရဟန်းသံဃာတော်နဲ့ ပြည်သူတွေ စုစုပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။