အမေရိကန်၊ ရုရှားနှင့်ဂျပန် အာကာသယာဉ်မှူး ၃ ဦး အာကာသစခန်းသို့အတူခရီးထွက်
အမေရိကန်၊ ရုရှားနဲ့ ဂျပန် အာကာသယာဉ်မှူး တယောက်စီဟာ ကာဇက်စတန် နိုင်ငံကနေ နိုင်ငံတကာ အာကာသစခန်းဆီ တနင်္ဂနွေနေ့က ခရီးထွက်သွားပုံကို နာဆာရုပ်သံက ထုတ်လွှင့်ပြသပါတယ်။
ရုရှား အာကာသသိပ္ပံ ရော့စ်ကော့စ်မော့စ်က အုပ်ချုပ်သူအရာရှိ အန်တွန်ရှခါပီယဲရပ်ဖ်၊ ဂျပန်အာကာသ စူးစမ်းလေ့လာရေးအေဂျင်စီက ပျံသန်းရေး အင်ဂျင်နီယာ နိုရိရှိငဲခနအိနဲ့ အမေရိကန် အမျိုးသားအာကာသသိပ္ပံ နာဆာက စကော့တ်တင်ဂယ်လ်တို့ဟာ ဘိုင်ကိုနော အာကာသယာဉ် လွှတ်တင်ရေးစခန်းကနေ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၂၁ မိနစ်က ထွက်ခွာသွားခဲ့တာပါ။
သူတို့အဖွဲ့ဟာ ကမ္ဘာမြေကနေ မိုင် ၂၅၀ အကွာက ပတ်လမ်းကြောင်းထဲမှာ ၂ရက်ကြာ အပြီး နိုင်ငံတကာ အာကာသစခန်းမှာ ဆိုက်ကပ် ရပ်နားမှာ ဖြစ်ပါတယ်။
စခန်းမှာ စက်တင်ဘာလကတည်းက ရောက်နေတဲ့ အာကာသယာဉ်မှူး ၃ ဦးနဲ့ ပူးပေါင်းမှာပါ။ ဆိုယုဇ် အာကာသယာဉ်ဟာ လွှတ်တင်အပြီး ဆယ်မိနစ်အကြာမှာ သူ့ပတ်လမ်းထဲကို ဘေးကင်းကင်း ရောက်သွားခဲ့ ပါတယ်။