ဖိလစ်ပိုင်တွင် တိုက်ခတ်နေသည့် အပူပိုင်းမုန်တိုင်း အားပျော့သွား

323
ခိုင်ထက်ခ် အပူပိုင်းမုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံအရှေ့ပိုင်း ဝီဆာရက်စ်ဒေသကို ဖြတ်သန်းတိုက်ခတ်အပြီး ခုတော့ အပူပိုင်း လေဖိအားနည်းရပ်ဝန်းအဆင့်ကို လျော့ကျ အားနည်းသွားပါပြီ။
မုန်တိုင်းအဖြစ် ဖြတ်သန်းချိန်က ဒေသတွင်းမှာ လူ ၃ ဦးသေဆုံးပြီး ရေကြီးတာတွေ မြေပြိုတာတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။
ခရိုင်မြောက်ပိုင်း စာမာဒေသက လမ်းတွေပေါ်မှာ ရေလွှမ်းနေပြီး ဘီလီရန်မြို့က တံတားတွေ အဆောက်အဦတွေ ပျက်စီးခဲ့ပါတယ်။တချို့နေရာတွေမှာ ရေနဲ့လျှပ်စစ်ဓာတ်အား ပြတ်တောက်နေတယ်လို့ ဘီလီရန်မြို့ နာဗယ်ရပ်ကွက်က ဗစ်တာရိုစာရီယိုက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ရေကြီးမြေပြိုမှုတွေကြောင့် တံတားတွေကျိုးလို့ သယ်ယူပို့ဆောင်ရေး ရပ်တံ့နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
မုန်တိုင်းကြောင့် လမ်းတွေပျက်စီးမှု တန်ဖိုးခန့်မှန်းခြေ ဖိလစ်ပိုင် ပီဆိုငွေ ၃၅ သန်းဖိုး ရှိတယ်လို့ အမျိုးသားကပ်ဘေး လျှော့ချရေးနဲ့ စီမံရေးကောင်စီကအစီရင်ခံပါတယ်။