အန်အယ်လ်ဒီတွင် ဒေါ်အောင်ဆန်းစုကြည် အလွန် အနာဂတ်အတွက် ခေါင်းဆောင်မရှိသေး

အန်အယ်လ်ဒီပါတီမှာ ဒေါ်အောင်ဆန်းစုကြည်အလွန် အနာဂတ်ကာလအတွက် ခေါင်းဆောင် ရွေးချယ်ထားမှု မရှိသေးဘူးလို့ ပါတီရဲ့သတင်းနဲ့ ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောပါတယ်။ လက်ရှိမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဗဟိုအလုပ်မှုဆောင် အတွင်းရေးမှူးအဖွဲ့က ဦးဆောင်အုပ်ချုပ်နေပြီး ဥက္ကဋ္ဌအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို တင်မြှောက်ထားပါတယ်။ ဒါပေမယ့် လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်က အစိုးရအဖွဲ့ဝင် ဖြစ်တာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအရ ပါတီတာဝန်တွေ ဆောင်ရွက်ခွင့် မရှိပါဘူး။ ဗဟိုအလုပ်မှုဆောင် အတွင်းရေးမှူးအဖွဲ့မှာ ပါဝင်နေသူတွေဟာ လက်ရှိမှာ အသက်အရွယ် ကြီးရင့်နေပြီး အသက်အရွယ်ရလာနေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အလွန် ခေါင်းဆောင်ရွေးချယ်ထားမှုနဲ့ ပတ်သက်ပြီး လူအများက စိတ်ဝင်စားနေတာပါ။ ဒီဇင်ဘာ ၁၇ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ပြုလုပ်ခဲ့တဲ့ ‘မြန်မာ့ ဒီမိုကရေစီရေးရဲ့ အဓိက ထောက်တိုင်တွေ ပြိုလဲကုန်ပြီလား’ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲပြုလုပ်ခဲ့ ပါတယ်။ ဒီဆွေးနွေးပွဲကိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် မုံရွာအောင်ရှင်၊ စာရေးဆရာကျော်ဝင်းနဲ့ တမ္ပဒီပ အင်စတီကျူ့ဒါရိုက်တာ ဒေါက်တာခင်ဇော်ဝင်းတို့က ဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲမှာ တက်ရောက်လာတဲ့ ပရိသတ်တယောက်က လက်ရှိ အန်အယ်လ်ဒီ ပါတီမှာ ဒေါ်အောင်ဆန်းစုကြည်အလွန် ခေါင်းဆောင် ဘယ်သူ့ကို ရွေးချယ်ထားကြောင်း မေးခွန်းကို မေးမြန်းရာမှာ မုံရွာအောင်ရှင်က ဖြေကြားခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up