Home
မြန်မာသတင်း
ချင်းမိုင်တွင် မြန်မာရွှေ့ပြောင်းလုပ်သားချင်း အကြွေးတောင်းရာမှ လူသတ်မှုဖြစ်ပွား
နန်းမြနဒီ
·
December 18, 2017
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဆန်ဆိုင်းမြို့နယ် နောင်ယိုင်ရပ်ကွက်ထဲမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့ညက မြန်မာရွှေ့ပြောင်းအလုပ်သမားချင်း စကားများ ရန်ဖြစ်ပြီး တဦး သေဆုံးကာ တဦး ထွက်ပြေး တိမ်းရှောင်နေပါတယ်။ သေဆုံးသူ အသက် ၄၆ နှစ်ရှိ စိုင်းငဲ(ခ)စိုင်းမြအောင် ဆိုသူနဲ့ လူသတ်မှု ကျူးလွန်သူ စိုင်းတောင် (၃၅ နှစ်) တို့မှာ  ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် မိုင်းတန်အုပ်စုမှ တနယ်သားချင်းတွေဖြစ်ပြီး ချေးငွေဘတ် ၂၀၀၀ကိစ္စနဲ့ နှစ်ယောက်သား စကားများကာ စိုင်းတောင်က ဓားနဲ့ထိုးပြီး ထွက်ပြေးသွားတာလို့ သေဆုံးသူ စိုင်းမြမောင်ရဲ့ဇနီး နန်းပွင့်က ဒီဗွီဘီကို ပြောပါတယ်။ “စိုင်းတောင်က ထိုင်းကို စရောက်လာတော့ ကျမတို့အိမ်မှာပဲ နေသွားတာ၊ သူ ဆိုင်ကယ် ဝယ်ဖို့ ငွေလိုလို့ ၂ ထောင် ချေးသွားတယ်၊ သူ့ဆိုင်ကယ်သော့ကို လိုရမယ်ရ ကျမယောကျာ်းက သော့တူတချောင်း လုပ်ထားတာ၊ အဲဒီည ၈ နာရီခွဲလောက်က  သူ ရောက်လာပြီး ဆိုင်ကယ်သော့တူကို တောင်းတယ်၊  ကလေးတို့အဖေကလည်း ချေးထားတဲ့ ငွေပြန်ဆပ်မှ ဆိုင်ကယ်သော့တူ ပေးမယ်ဆိုပြီး စကားများကြတယ်၊ ကျမက အိမ်ထဲကနေပဲ အသံကြားတယ်၊ စိုင်းတောင်က သူ့အဖေကို ဓားနဲ့ထိုးပြီး ထွက်ပြေးတာကို သားကြီးကတွေ့တော့ ကျမကို အော်ပြောတယ်၊ ကျမ ထွက်ကြည့်တော့ သူ့အဖေက ဟိုကောင်နောက် ပြေးလိုက်ပြီး နှစ်အိမ်ကျော်လောက်မှာ လဲကျသွားတာ၊ သူများဆိုင်ရှေ့မှာ၊ လမ်းပေါ်မှာ ဘယ်သူမှလည်း ရှိဘူး၊ ကျမယောကျာ်းလည်း လည်ပင်းမှာ သွေးတွေအများကြီး ထွက်လာတယ်၊ လဲကျပြီး ခဏပဲ အသက်ထွက်သွားတာပဲ။ ကျမလည်း သူများတွေကို အော်ပြီး အကူအညီတောင်းတော့ လာတွေ့တဲ့သူက ဖုန်းဆက်ပေးတယ်။ ပြီးတော့ ရဲကားတွေရော၊ ဆေးရုံကားတွေရော လူတွေ အများကြီး ရောက်လာတယ်၊ ဟိုကောင်က သူ့ဆိုင်ကယ်ကို အဝေးမှာ ရပ်ထားပြီး အဲဒီဆိုင်ကယ်နဲ့ ထွက်ပြေးသွားတာ။” စိုင်းငဲရဲ့ဇနီးဟာ နာမကျန်းဖြစ်နေသူဖြစ်ပြီး  ကလေး ၂ ယောက်မှာလည်း ၆ နှစ် နဲ့ ၃ နှစ်ရွယ်သာ ရှိပါသေးတယ်။ စိုင်းငဲ ဆုံးသွားချိန် အိမ်မှာ ပိုက်ဆံ ဘတ် ၅၀၀ သာကျန်ရှိကြောင်း၊ အသုဘ စရိတ်မတတ်နိုင်လို့ ချင်းမိုင် ဝပ်ပါပေါက် နာရေးကူညီမှုအသင်းက ကူညီထားပြီး ရှေ့ဆက် နေထိုင် စားသောက်သွားဖို့ အခက်တွေ့နေတယ်လို့ နန်းပွင့်က ဒီဗွီဘီကို ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024