ရိုဘော့စက်ရုပ်တွေကို စားပွဲထိုးခန့်ထားသည့် အိန္ဒိယစားသောက်ဆိုင် (ရုပ်သံ)

1.7K
အိန္ဒိယနိုင်ငံတောင်ပိုင်း ချင်းနိုင်မြို့ရှိ Robot Theme ဆိုတဲ့စားသောက်ဆိုင်မှာ စားပွဲထိုးလုပ်နေတဲ့ ရိုဘော့တွေကို အခုလို မြင်တွေ့ရပါတယ်။
စားပွဲထိုးရိုဘော့တွေဟာမှာယူထားတဲ့ စားစရာနဲ့ ဖျော်ရည်တွေကို စားသုံးသူတွေရဲ့ ရှေ့မှောက်ကို အရောက်ပို့ဆောင်နေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင်စားပြီးသား ပန်းကန်တွေကိုလည်း လာသိမ်းပေးပါတယ်။
ဆိုင်ပူးတွဲတည်ထောင်သူ ခါတစ်ကန်နန်က “ကျနော်တို့တွေ theme restaurant ဒီဇိုင်းအမျိုးမျိုး ဖန်တီးဖို့ ကြိုးစားကြည့်ပါတယ်။ နောက်တော့ အိန္ဒိယမှာမရှိသေးတဲ့ ဒီဇိုင်းလုပ်ဖို့ ဆုံးဖြတ်ပြီး ရိုဘော့တွေက ၀န်ဆောင်မှုပေးတဲ့ robot theme restaurant ဖွင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နိုင်ငံခြားမှာ ဒီလိုဝန်ဆောင်မှုတွေ အများကြီးတွေ့ရတယ်။ ဒါနဲ့ အိန္ဒိယမှာ လုပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်တာပါ” လို့ ပြောပါတယ်။
အဲဒီစားသောက်ဆိုင်မှာ ဖောက်သည်တွေဟာ မိမိစားပွဲကနေ ဖုန်းတက်ဘလက်ကို အသုံးပြုပြီး စားစရာ မှာယူကြတာဖြစ်ပါတယ်။ ခဏကြာတော့ ရိုဘော့စားပွဲထိုးဟာ မှာယူထားတဲ့ စားစရာကို လာရောက် ပို့ဆောင်ပေးပါတယ်။
ဆိုင်မှာလာစားသူတဦးက “ဒီလောက်ထိ မြန်လိမ့်မယ် ထင်မထားဘူး။ လာပို့တာသိပ်မြန်တာပဲ။ ရိုဘော့တွေက တုံ့ပြန်မှု သိပ်ကောင်းတယ်။ သူတို့တွေ စားပွဲထိုးလုပ်တာကို သဘောကျပါတယ်” လို့ပြောပါတယ်။
အဲဒီ ရိုဘော့စားပွဲထိုး ၀န်ဆောင်မှုကို ဖောက်သည်တွေက သဘောကျနေပြီး ရိုဘော့နဲ့ အတူ ဆယ်လ်ဖီရိုက်တာကလည်း စားသောက်ဆိုင်မီနူးထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။