ပါကစ္စတန် ခရစ်ယာန်ဘုရားကျောင်း ဗုံးခွဲတိုက်ခိုက်ခံရမှု သေဆုံးသူ ၉ ဦးထိရှိလာ

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ကက်တာမြို့မှာ ဒီဇင်ဘာလ ၁၇ ရက်နေ့က ခရစ်ယာန်ဘုရားကျောင်း အသေခံဗုံးခွဲ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ရသူ အရေအတွက်ဟာ ၉ ဦးအထိ မြင့်တက်လာ ခဲ့ပါတယ်။
ဒီအတွက် ခရစ်ယာန်အသိုက်အ၀န်းက လူတစ်ဒါဇင်လောက်ဟာ ဘုရားကျောင်း တိုက်ခိုက်ခံရမှုကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူ ခရစ်ယာန်တဦးက “ကျနော်တို့ ဘုရားကျောင်းတွေနဲ့ လူနေအိမ်နေရာတွေမှာ လုံခြုံရေး ချထားပေးဖို့ ပါကစ္စတန်သမ္မတနဲ့ အစိုးရကို တောင်းဆိုပါတယ်” လို့ ပြောခဲ့ပါတယ်။
တနင်္ဂနွေနေ့ မနက်ပိုင်း ဘုရားဝတ်ပြုဆုတောင်နေချိန် ဘက်သယ်အောက်မေ့ဘွယ် မက်သဒစ် ဘုရားကျောင်း အတွင်းကို အသေခံ ဗုံးခွဲသမားနှစ်ဦးက စီးနင်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီ တိုက်ခိုက်မှုကို နိုင်ငံအတွင်းရှိ အိုင်အက်စ် အဖွဲ့က လုပ်ဆောင်ခဲ့ တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
တိုက်ခိုက်ခံရတဲ့ ဘုရားကျောင်း သင်းအုပ်ဆရာက “ဒီတိုက်ခိုက်မှုကြောင့် အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးသူငယ် ၉ ဦး သေဆုံးခဲ့ရပြီး ၅၀ နီးပါး ဒဏ်ရာရခဲ့ပါတယ်။ ဒီနေ့ဟာ ကက်တာမြို့သမိုင်းမှာ ၀မ်းနည်းစရာကောင်းတဲ့နေ့ ဖြစ်ပါတယ်။ ခရစ်ယာန် အသိုက်အ၀န်းရဲ့ ကိုယ်စား ဒီအကြမ်းဖက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ဒီအကြမ်းဖက်မှုမှာ သေဆုံး ဒဏ်ရာ ရခဲ့သူတွေ အတွက် ဘုရားသခင်ထံမှာ ဆုတောင်းပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
လူဦးရေ သန်း ၂၀၀ ကျော်ရှိတဲ့ ပါကစ္စတန် နိုင်ငံမှာ ၂ သန်း ၀န်းကျင်ခန့်ရှိတဲ့ ခရစ်ယာန်တွေဟာ မကြာသေးမီ နှစ်တွေက အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ ပစ်မှတ် ဖြစ်လာခဲ့ တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။