သံလမ်းဖြတ်ကူးသည့် ထော်လာဂျီယာဉ်နှင့် ရထားတိုက်မိပြီး လူ ၃ ဦး ဒဏ်ရာရ
DVB
·
December 18, 2017
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နားမားကျေးရွာဘူတာမှာ ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက ထော်လာဂျီယာဉ် ရထားသံလမ်းကို ဖြတ်ကူးစဉ် ရထားနဲ့ တိုက်မိပြီး လူ ၃ ဦး ဒဏ်ရာရှိခဲ့တယ်လို့ မိုးညှင်းရဲစခန်းမှ သိရပါတယ်။
အမှတ် ၄၉ အဆန်လူစီးရထားဟာ ခေတ္တရပ်နားနေစဉ် အစုန်လူစီးရထားက နားမားဘူတာသို့အဝင် တရားမဝင် သံလမ်းကူးပေါ်မှာ ယာဉ်မောင်း ပိုင်ငြိမ်းဦး (၂၀ နှစ်) မောင်းနှင်ပြီး စပယ်ယာ နိုင်စိုးဦး၊ မသဲစုနွေးတို့ လိုက်ပါလာတဲ့ ထော်လာဂျီနဲ့ ပွတ်တိုက်မိပြီး ချိတ်ဆွဲပါလာကာ ဘူတာမှာ ရပ်နားနေတဲ့ ရထားရဲ့ ညာဘက်ခြမ်းကို ထပ်မံတိုက်မိခဲ့တာပါ။
ရပ်ထားတဲ့ ရထားမှာ စက်ခေါင်းကွဲ လေအိတ်ပျက်စီးသွားခဲ့ပြီး ထော်လာဂျီယာဉ်မှာ သုံးမရအောင် ပျက်စီးသွားခဲ့ပါတယ်။ ထော်လာဂျီယာဉ်ပေါ် ပါလာသူ ၃ ဦးမှာ ယာဉ်အတွင်း ညှပ်နေတဲ့အတွက် ထော်လာဂျီယာဉ်ကို ဖြတ်တောက်ပြီး လူနာတွေကို နားမားဆေးရုံသို့ ပို့ဆောင်ခဲ့ရပါတယ်။
ထော်လာဂျီယာဉ်မောင်း ပိုင်ငြိမ်းဦးကို နားမားရုံပိုင်ကြီးက တရားလိုပြုပြီး (ပ)၂၆/၂၀၁၇ ၂၀၁၆ ခုနှစ် ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မ (၈၅) နဲ့ နားမားရဲစခန်းမှာ အမှုဖွင့် အရေးယူထားပါတယ်။
သတင်း - မုန်းမုန်းမင်း